ယောရှုမှတ်စာ 21
21
လေဝိအမျိုးအနွယ်တို့အမွေရသောမြို့များ
1လေဝိအမျိုး၏အိမ်ထောင်စုအကြီးအမှူးတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးတို့ရှိရာ ခါနာန်ပြည်၊ ရှိလောအရပ်သို့လာ၍ 2“အကျွန်ုပ်တို့နေစရာမြို့နှင့် အကျွန်ုပ်တို့တိရစ္ဆာန်များအတွက် စားကျက်မြေများကို အကျွန်ုပ်တို့အား ပေးရမည်ဟူ၍ မောရှေမှတစ်ဆင့် ထာဝရဘုရား မိန့်မှာခဲ့ပါသည်”ဟု ဆိုကြ၏။ 3ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့ရသောအမွေမြေထဲမှ လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို ခွဲဝေပေး၏။ 4မဲချရာတွင် ကောဟတ်အမျိုးတို့ မျိုးနွယ်စုအလိုက် မဲကျ၏။ လေဝိအမျိုးအနွယ်၊ ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် ယုဒအမျိုးအနွယ်၊ ရှိမောင်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ 5မဲချရာတွင် ကျန်ကောဟတ်အမျိုးတို့သည် ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စု၊ ဒန်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရရှိ၏။ 6မဲချရာတွင် ဂေရရှုန်အမျိုးတို့သည် ဣသခါအမျိုးအနွယ်၏မျိုးနွယ်စု၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ 7မေရာရိအမျိုးသည် မျိုးနွယ်စုအလိုက် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရရှိ၏။ 8ဤသို့ဖြင့် မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးသားတို့က လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို မဲချခွဲဝေပေးလေ၏။
အာရုန်သားမြေးတို့အမွေရသောမြို့များ
9ယုဒအမျိုးအနွယ်နှင့် ရှိမောင်အမျိုးအနွယ်တို့ရသောအမွေမြေထဲမှ မြို့များကိုအမည်နှင့်တကွ မဲချခွဲဝေပေးခြင်းဖြစ်၏။ 10လေဝိအမျိုးအနွယ်၊ ကောဟတ်မျိုးနွယ်စုများထဲမှာ အာရုန်၏သားမြေးများသည် ပထမဆုံးမဲကျသောကြောင့် သူတို့အား ထိုမြို့များကို ခွဲဝေပေး၏။ 11သူတို့အား ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ပေးလေ၏။ (အာဘသည် အာနက၏ဖခင်ဖြစ်၏။) 12ထိုမြို့ဝန်းကျင်ရှိကျေးရွာနှင့် လယ်မြေများကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးလေ၏။ 13ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ လိဗနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေး၏။ (ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) 14ယတ္တိရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဧရှတမောမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 15ဟောလုန်မြို့နှင့်စားကျက်မြေများ၊ ဒေဗိရမြို့နှင့်စားကျက်မြေများ၊ 16အဣနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယုတ္တမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗက်ရှေမက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် မြို့ကိုးမြို့ကို အမျိုးအနွယ်နှစ်နွယ်ရသောအမွေမြေမှ ခွဲဝေပေးခြင်းဖြစ်၏။ 17ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 18အာနသုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ 19အာရုန်၏သားမြေးဖြစ်သောယဇ်ပုရောဟိတ်တို့သည် မြို့ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ထိုမြို့တို့ဝန်းကျင်ရှိ စားကျက်မြေတို့ကို ရလေ၏။
ကောဟတ်သားမြေးတို့အမွေရသောမြို့များ
20လေဝိအမျိုး ကောဟတ်သားမြေးတို့မှကျန်ရှိသော ကောဟတ်သားမြေးတို့၏မျိုးနွယ်စုတို့ မဲကျသောမြို့များမှာ ဧဖရိမ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဖြစ်၏။ 21သူတို့အား ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ (ရှေခင်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) 22ကိဗဇိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေသောရုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ 23ဒန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဧလတေကမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂိဗ္ဗသုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 24အာယလုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကိုလည်း ပေး၏။ 25မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ တာနက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့နှစ်မြို့ကိုလည်း ပေး၏။ 26ကျန်ရှိသောကောဟတ်သားမြေး၏မျိုးနွယ်စုတို့ ရရှိသောမြို့စုစုပေါင်းမှာ မြို့ဆယ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။
ဂေရရှုန်သားမြေးတို့အမွေရသောမြို့များ
27လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) 28ဣသခါအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ကိရှုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဒါဗရတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 29ယာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အင်္ဂန္နိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ 30အာရှာအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း မိရှာလမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာဗဒုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 31ဟေလကတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ရဟောဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ 32နဿလိအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ဂါလိလဲပြည်၊ ကေဒေရှမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟမ္မုန်ဒေါရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတံမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့သုံးမြို့ကို ပေး၏။ (ကေဒေရှမြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) 33ဂေရရှုန်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့စုစုပေါင်းမှာ တစ်ဆယ့်သုံးမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။
မေရာရိသားမြေးတို့အမွေရသောမြို့များ
34လေဝိအမျိုးထဲမှကျန်ရှိသော မေရာရိသားမြေးတို့၏မျိုးနွယ်စုတို့အား ဇာဗုလုန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ယောကနမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 35ဒိမနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ နဟာလာလမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကိုပေး၏။ 36ရုဗင်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဗေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဟတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 37ကေဒမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မေဖတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ 38ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ 39ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) 40လေဝိမျိုးနွယ်စုထဲမှကျန်ရှိသော မေရာရိသားမြေးတို့ မျိုးနွယ်စုအလိုက် မဲချ၍ သူတို့ရသောမြို့စုစုပေါင်းမှာ တစ်ဆယ့်နှစ်မြို့ ဖြစ်၏။ 41အစ္စရေးသားမြေးတို့ ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့ ရရှိသောမြို့စုစုပေါင်းမှာ လေးဆယ့်ရှစ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ 42ထိုမြို့အားလုံးတို့၏ပတ်ပတ်လည်တွင် စားကျက်မြေများရှိ၏။
ထာဝရဘုရား၏ကတိတော်များပြည့်စုံလာခြင်း
43ဤသို့ဖြင့် အစ္စရေးလူမျိုးတို့၏ဘိုးဘေးတို့အား ဤပြည်ကို ပေးမည်ဟု ကျိန်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သူတို့အားပေးသဖြင့် သူတို့သည် ထိုပြည်ကို သိမ်းပိုက်၍နေထိုင်ကြလေ၏။ 44ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။ 45ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟု မိန့်မှာတော်မူခဲ့သည့်ကတိ တစ်စုံတစ်ခုမျှ မပျက်ကွက်ဘဲ အလုံးစုံပြည့်စုံလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 21: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative