YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 33

33
ဧလိဟုက ယောဘအားနှစ်သိမ့်ပေးခြင်း
1သို့ဖြစ်၍ အို ယောဘ​၊ ယခု အကျွန်ုပ်​ပြော​မည့်​စကား​ကို နားထောင်​ပါ​လော့​။ အကျွန်ုပ်​ပြော​သမျှ​ကို အာရုံစိုက်​ပါ​လော့​။ 2ယခု အကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်​တော့​မည်​။ ခံတွင်း​ထဲမှ​လျှာ​သည်​လည်း ပြောဆို​တော့​မည်​။ 3ဖြောင့်မှန်​သော​စိတ်သဘော​ဖြင့် ပြော​ပါ​မည်​။ သိ​ထား​သော​အရာ​များ​ကို နှုတ်ခမ်း​ဖြင့် ရိုးသား​စွာ​ပြော​ပါ​မည်​။ 4ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ဖန်ဆင်း​တော်မူ​၏​။ အနန္တတန်ခိုးရှင်​၏​ဇီဝအသက်​သည် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။ 5သင်​ပြန်ပြော​နိုင်​လျှင် ပြန်ပြော​ပါ​လော့​။ အကျွန်ုပ်​ကို​ချေပ​နိုင်​ရန် အသင့်ပြင်​ထား​ပါ​လော့​။ 6ဘုရားသခင်​ရှေ့​တော်​တွင် သင်​နှင့်​အကျွန်ုပ်​သည် အတူတူပင်​ဖြစ်​၏​။ အကျွန်ုပ်​ကို​လည်း မြေမှုန့်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​ခဲ့​၏​။ 7အကျွန်ုပ်​ခြိမ်းခြောက်​သော​စကား​ကြောင့် ကြောက်လန့်စရာ​မ​လို​ပါ​။ သင့်​ကို အကျွန်ုပ် ကိုယ်ထိလက်ရောက်​မ​ပြု​နိုင်​ပါ​။ 8အကယ်စင်စစ် သင်​ပြောပြ​၍ သင့်​စကားသံ​ကို အကျွန်ုပ်​ကြား​ရ​၏​။ 9သင်​က ‘​ငါ​သန့်ရှင်း​၏​။ ကျူးလွန်​သော​အပြစ်​မ​ရှိ​။ ငါ​အပြစ်ကင်း​၏​။ ငါ​၌​အပြစ်​မ​ရှိ​။ 10သို့သော် ဘုရားသခင်​သည် ငါ့​ကို အပြစ်​ရှာ​၍ ရန်သူ​ကဲ့သို့​မှတ်​တော်မူ​၏​။ 11ငါ့​ခြေ​ကို ထိတ်တုံးခတ်​ပြီး ငါ​သွား​သော​လမ်း​ဟူသမျှ​ကို စောင့်ကြည့်​တော်မူ​၏​’​ဟု ဆို​၏​။ 12ဤသို့ သင်​ပြော​သော​စကား​တို့​သည် မ​မှန်ကန်​ဟု အကျွန်ုပ်​ဆို​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​ထက် ပို၍​ကြီးမြတ်​တော်မူ​၏​။ 13အဘယ်ကြောင့် ကိုယ်တော်​ကို ရန်တွေ့​ရ​သနည်း​။ သင်​ပြော​သမျှ​ကို ကိုယ်တော်​မ​တုံ့ပြန်​သောကြောင့်​လော​။ 14အကယ်စင်စစ် ဘုရားသခင်​သည် တစ်ကြိမ်​မက နှစ်ကြိမ်​မိန့်​တော်မူ​သော်လည်း မည်သူ​မျှ​သတိ​မ​မူ​။ 15လူ​တို့ နှစ်ခြိုက်​စွာ​အိပ်ပျော်​နေ​ချိန်​၊ အိပ်ရာ​ထက်​၌ အိပ်မောကျ​နေ​ချိန် အိပ်မက်​ထဲ​၊ ညအချိန်​မြင်​ရ​သော​စိတ်အာရုံ​ထဲတွင် 16လူ​တို့​၏​နား​ကို ဖွင့်​၍ သူ​တို့​၏​သွန်သင်ချက်​ကို တံဆိပ်ခတ်​တော်မူ​၏​။ 17ဤသို့ဖြင့် လူ​အား ကိုယ့်​အကျင့်ဆိုး​မှ လွှဲရှောင်​စေ​တော်မူ​၏​။ လူ​၏​မာန်မာန​ကို​လည်း ချိုးနှိမ်​တော်မူ​၏​။ 18သူ​၏​စိတ်ဝိညာဉ်​ကို သေတွင်း​နှင့်​လည်းကောင်း​၊ သူ့​အသက်​ကို ဖျက်ဆီး​မည့်​ဓားဘေး​နှင့်​လည်းကောင်း ကင်းဝေး​စေ​တော်မူ​၏​။ 19သူ​သည် အိပ်ရာ​ပေါ်တွင် နာကျင်​ခြင်း​ဝေဒနာ​ကို ခံစား​ရ​လျက်​၊ သူ​၏​အရိုး​များ​သည်​လည်း တဆစ်ဆစ်​ကိုက်ခဲနာကျင်​လျက် ဆုံးမ​ခြင်း​ကို ခံ​နေ​ရ​၏​။ 20ထို့ကြောင့် သူ့​စိတ်​သည် အစားအစာ​ကို ရွံရှာ​၍ သူ့​ဝိညာဉ်​သည် စားကောင်းသောက်ဖွယ်​ကို ရွံရှာ​၏​။ 21သူ​၏​အသားအရေ​များ​လည်း မမြင်​ရ​လောက်အောင် ပိန်လှီ​သွား​ပြီး သူ​၏​မ​ထင်ရှား​ဖူး​သော​အရိုး​များ​မှာ​လည်း ငေါထွက်​လေ​၏​။ 22သူ​၏​စိတ်ဝိညာဉ်​သည် သေတွင်း​သို့ ရောက်​လု​နီး​ပြီ​။ သူ​၏​အသက်​သည်​လည်း သေဆုံး​လု​နီး​ပြီ​။ 23လူ​အား သူ​ဖြောင့်မှန်​ကြောင်း​ဖော်ပြ​ပေး​နိုင်​ရန် သူ့​အတွက် ကြားဝင်စေ့စပ်​ပေး​နိုင်​သော​ကောင်းကင်တမန် တစ်ထောင်​တွင် တစ်ပါးသာ​ရှိ​ခဲ့​လျှင် 24သူ့​ကို သနား​သော​အားဖြင့် ကောင်းကင်တမန်​က ‘သူ့​ကို သေတွင်း​မှ ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ရွေးနုတ်စရာ​အဖိုးအခ​ကို တွေ့​ပါ​ပြီ’​ဟု ဆို​လိမ့်မည်​။ 25သူ​၏​အသားအရေ​သည် ကလေး​အသားအရေ​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သူ​သည် ပျိုရွယ်​စဉ်​နေ့ရက်​များ​က​ကဲ့သို့ ပြန်ဖြစ်​လိမ့်မည်​။ 26သူ​သည် ဘုရားသခင်​ထံ​ဆုတောင်း​မည်​။ ဘုရားသခင်​သည်​လည်း သူ့​ကို​လက်ခံ​တော်မူ​မည်​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် မျက်နှာ​တော်​ကို ဖူးမြင်​ရ​လိမ့်မည်​။ သူ့​ကို နဂိုမူလအတိုင်း​ပြန်လည်​ဖြောင့်မတ်​စေ​တော်မူ​မည်​။ 27သူ​သည် လူ​တို့​ကို​ကြည့်ရှု​၍ ‘​ငါ​သည် ဖြောင့်မှန်​သော​လမ်း​မှ​လွဲ​၍ အပြစ်ပြု​မိ​ပြီ​။ သို့သော် ငါ​ခံထိုက်​သော​အပြစ်​ကို ခံ​စေ​တော်​မ​မူ​။ 28ငါ့​ဝိညာဉ်​ကို သေတွင်း​သို့​မ​ရောက်​အောင် ရွေးနုတ်​တော်မူ​၏​။ ငါ့​အသက်​သည်​လည်း အလင်း​ကို တွေ့မြင်​ခွင့်​ရ​၏​’​ဟု ဆို​လိမ့်မည်​။ 29ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို လူ​တို့​အဖို့ နှစ်ကြိမ်​၊ သုံး​ကြိမ်​မက ပြု​တော်မူ​ပြီ​။ 30သူ​၏​စိတ်ဝိညာဉ်​ကို သေတွင်း​မှ​ပြန်​ဆွဲထုတ်​ပြီး အသက်​၏​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​၏​။ 31အို ယောဘ​၊ အကျွန်ုပ်​ကို အာရုံစိုက်​နားထောင်​ပါ​လော့​။ တိတ်တိတ်နေ​ပါ​လော့​။ အကျွန်ုပ်​ပြော​မည်​။ 32သင်​ပြောစရာ​ရှိ​လျှင် ပြန်ပြော​ပါ​လော့​။ သင်​ဖြောင့်မတ်​ကြောင်း​ကို ငါ​ဖော်ပြ​လို​သည်​ဖြစ်၍ ပြော​ပါ​လော့​။ 33အကျွန်ုပ်​ကို ပြန်ပြောစရာ​မ​ရှိ​လျှင် နားထောင်​ပါ​လော့​။ တိတ်တိတ်နေ​ပါ​လော့​။ အကျွန်ုပ်​သည် သင့်​ကို ဉာဏ်ပညာ​အကြောင်း သွန်သင်​ပေး​မည်”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ