ယောဘဝတ္ထု 32
32
ဧလိဟုက ဒေါသထွက်၍ တုံ့ပြန်ခြင်း
1ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။ 2ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။ 3ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
4ထိုသူတို့သည် ဧလိဟုထက်အသက်ကြီးသောကြောင့် ဧလိဟုသည် ယောဘနှင့်စကားပြောရဖို့ စောင့်နေရ၏။ 5သူတို့သုံးဦးစလုံး၏နှုတ်၌ ချေပစရာစကားတစ်ခွန်းမျှမရှိသည်ကို မြင်သောအခါ ဧလိဟုအမျက်ထွက်လေ၏။
6ထို့ကြောင့် ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုက “အကျွန်ုပ်သည် အသက်ငယ်၍ သင်တို့သည် အသက်ကြီးသောကြောင့် အကျွန်ုပ်၏ထင်မြင်ချက်ကို ထုတ်ဖော်ပြဖို့ ကြောက်ရွံ့လျက် မဝံ့မရဲ ဖြစ်ရပါ၏။ 7‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။ 8သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။ 9အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။ 10ထို့ကြောင့် ‘အကျွန်ုပ်စကားကို နားထောင်ပေးကြပါ။ အကျွန်ုပ်၏ထင်မြင်ချက်ကို အကျွန်ုပ်ပြောပါမည်’ဟု ဆိုရခြင်းဖြစ်၏။ 11ကြည့်ပါ။ သင်တို့ပြောမည့်စကားကို အကျွန်ုပ်စောင့်မျှော်နေခဲ့၏။ သင်တို့ပြန်ပြောရမည့်စကားကိုရှာကြံနေစဉ် သင်တို့၏အကျိုးသင့်အကြောင်းသင့်စကားကို အကျွန်ုပ်နားစွင့်နေခဲ့၏။ 12အကျွန်ုပ်စေ့စေ့နားထောင်နေခဲ့သော်လည်း သင်တို့တွင် ယောဘ၏စကားကို ပြန်လည်ချေပနိုင်သောသူ တစ်ယောက်မျှမရှိပါ။ 13‘ဉာဏ်ပညာကို ငါတို့တွေ့ပြီ’ဟု သင်တို့မပြောမိစေကြနှင့်။ သူ့ကို နိုင်သောသူမှာ လူမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူ၏။ 14ယောဘသည် အကျွန်ုပ်ကိုဆန့်ကျင်၍ တိုက်ရိုက်ပြောသည်မဟုတ်။ ထို့ကြောင့် သင်တို့ပြောသကဲ့သို့ သူ့ကို အကျွန်ုပ်ပြန်ပြောမည်မဟုတ်။ 15သူတို့ စိတ်ပျက်ကုန်ကြပြီ။ ဘာမျှပြန်မပြောကြတော့ပါ။ ပြောစရာစကားပင် မရှိကြတော့ပါ။ 16သူတို့ ဘာမျှမပြော၊ ဘာမျှမတုံ့ပြန်နိုင်ဘဲ ရပ်နေသည်ကို အကျွန်ုပ်စောင့်နေရမည်လော။ 17အကျွန်ုပ်လည်း ပြောသင့်သည်ကို ပြော၍ အကျွန်ုပ်၏ထင်မြင်ချက်ကို ဖော်ပြမည်။ 18အကြောင်းမူကား အကျွန်ုပ်မှာ ပြောစရာစကား အများအပြားရှိ၏။ အကျွန်ုပ်အတွင်းရှိ ဝိညာဉ်သည် အကျွန်ုပ်ကို နှိုးဆော်လျက်နေ၏။ 19ကြည့်ပါ။ အကျွန်ုပ်အထဲ၌ ပိတ်ဆို့ထားသောစပျစ်ဝိုင်ကဲ့သို့၊ ကွဲထွက်တော့မည့်ဝိုင်သားရေဘူးအသစ်ကဲ့သို့ ဖြစ်နေ၏။ 20အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။ 21မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ မည်သူ့ကိုမျှ မျက်နှာချိုသွေးပြီး မပြောပါ။ 22မည်ကဲ့သို့ မျက်နှာချိုသွေးရမည်ကိုလည်း မသိပါ။ ထိုသို့ပြုမိခဲ့လျှင် အကျွန်ုပ်ကိုဖန်ဆင်းတော်မူသောအရှင်သည် အကျွန်ုပ်ကို ချက်ချင်းဒဏ်ခတ်တော်မူမည်။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 32: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative