ယောဘဝတ္ထု 16
16
ယောဘက ဧလိဖတ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။ 3အဓိပ္ပာယ်မဲ့သောစကားများမှာ မပြီးဆုံးနိုင်သေးသလော။ မည်သည့်အရာက သင့်ကို နှိုးဆော်၍ ဤသို့ပြန်ပြောရသနည်း။ 4ငါသည်လည်း သင်တို့ကဲ့သို့ ပြောတတ်ပါ၏။ သင်တို့နေရာမှာ ငါဖြစ်လျှင် ငါသည် ခေါင်းခါလျက် ရေပက်မဝင်အောင် သင်တို့ကို ပြန်ပြောနိုင်ပါ၏။ 5ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။ 6ယခုမှာ ငါစကားပြောလျှင်လည်း ငါ့ဝေဒနာ မသက်သာပါ။ ငါမပြောဘဲနေလျှင်လည်း ငါ့ဝေဒနာ ပျောက်ကင်းသွားပါမည်လော။ 7အကယ်စင်စစ် ကိုယ်တော်သည် ငါ့ကို အားအင်ကုန်ခန်းစေတော်မူပြီ။ ငါ့မိသားစုအသိုက်အမြုံအားလုံးကို ဖျက်ဆီးတော်မူပြီ။ 8ငါ့ကို ပိန်ရှုံ့စေတော်မူသည်မှာ သက်သေဖြစ်၏။ ချည့်နဲ့ခြင်းသည်လည်း ငါ့ရှေ့တွင်ရပ်လျက် သက်သေထူလေ၏။ 9ငါ့ကို အမျက်တော်ဖြင့် ဆွဲဆုတ်၍ ညှဉ်းဆဲတော်မူ၏။ ငါ့ကို အံကြိတ်ပြတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို စိန်းစိန်းဝါးဝါးကြည့်၏။ 10လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။ 11ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။ 12အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။ 13ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။ 14စစ်သူရဲကဲ့သို့ ငါ့ထံသို့ ပြေးလာပြီး အနာပေါ်ထပ်၍ အနာဖြစ်အောင် ထိုးဖောက်တော်မူ၏။ 15အရေပြားပေါ်တွင် လျှော်တေအဝတ်ကို ချုပ်ဝတ်ထားရပါ၏။ ငါ့ဦးချိုကိုလည်း မြေမှုန့်ထဲ၌ မြှုပ်ထားရပါ၏။ 16ငိုကြွေးနေရသောကြောင့် မျက်နှာမှာနီရဲ၍ မျက်ကွင်းများလည်း ညိုမဲနေပါ၏။ 17သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။ 18အို မြေကြီး၊ ငါ့သွေးကို ဖုံးမထားပါနှင့်။ ငါ့အော်ဟစ်သံရပ်စဲရာအရပ်ဟူ၍ မရှိစေပါနှင့်။ 19ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။ 20ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။ 21လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။ 22နှစ်များလည်း ကုန်ဆုံးလုပြီ။ ပြန်လမ်းမရှိသောခရီးကို ငါသွားရတော့မည်။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative