YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 16

16
ယောဘက ဧလိဖတ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ဤသို့သော အကြောင်းအရာ​ကို ငါ​များစွာ​ကြား​ဖူး​ခဲ့​ပြီ​။ ငါ့​ကို နှစ်သိမ့်ပေး​သော​သင်​တို့​အားလုံး​ကို ငါ​စိတ်ပျက်​လှ​၏​။ 3အဓိပ္ပာယ်မဲ့​သော​စကား​များ​မှာ မ​ပြီးဆုံး​နိုင်​သေး​သလော​။ မည်သည့်​အရာ​က သင့်​ကို နှိုးဆော်​၍ ဤသို့​ပြန်ပြော​ရ​သနည်း​။ 4ငါ​သည်​လည်း သင်​တို့​ကဲ့သို့ ပြော​တတ်​ပါ​၏​။ သင်​တို့​နေရာ​မှာ ငါ​ဖြစ်​လျှင် ငါ​သည် ခေါင်းခါ​လျက် ရေပက်မဝင်​အောင် သင်​တို့​ကို ပြန်ပြော​နိုင်​ပါ​၏​။ 5ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။ 6ယခုမှာ ငါ​စကားပြော​လျှင်လည်း ငါ့​ဝေဒနာ မ​သက်သာ​ပါ​။ ငါ​မပြော​ဘဲ​နေ​လျှင်လည်း ငါ့​ဝေဒနာ ပျောက်ကင်း​သွား​ပါ​မည်လော​။ 7အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​ကို အားအင်ကုန်ခန်း​စေ​တော်မူ​ပြီ​။ ငါ့​မိသားစု​အသိုက်အမြုံ​အားလုံး​ကို ဖျက်ဆီး​တော်မူ​ပြီ​။ 8ငါ့​ကို ပိန်ရှုံ့​စေ​တော်မူ​သည်​မှာ သက်သေ​ဖြစ်​၏​။ ချည့်နဲ့​ခြင်း​သည်​လည်း ငါ့​ရှေ့​တွင်​ရပ်​လျက် သက်သေထူ​လေ​၏​။ 9ငါ့​ကို အမျက်​တော်​ဖြင့် ဆွဲဆုတ်​၍ ညှဉ်းဆဲ​တော်မူ​၏​။ ငါ့​ကို အံကြိတ်ပြ​တော်မူ​၏​။ ငါ့​ရန်သူ​သည် ငါ့​ကို စိန်းစိန်းဝါးဝါး​ကြည့်​၏​။ 10လူ​တို့​သည် ငါ့​ကို​ဝိုင်းအုံ​၍ ပါးစပ်​ဖြဲပြ​ကြ​၏​။ ငါ့​ကို​ကဲ့ရဲ့​၍ ပါး​ရိုက်​ကြ​၏​။ 11ဘုရားသခင်​သည် ငါ့​ကို လူမိုက်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။ လူဆိုး​တို့​လက်​သို့ ထိုးအပ်​လိုက်​လေ​ပြီ​။ 12အေးချမ်း​စွာ​နေ​ရ​စဉ် ငါ့​ကို တစ်စစီချိုးဖဲ့​တော်မူ​ပြီ​။ ငါ့​လည်ပင်း​ကို ဖမ်းကိုင်​ပြီးလျှင် ငါ့​ကို တစ်စစီ​ခြေမွှ​တော်မူ​ပြီ​။ ငါ့​ကို ပစ်မှတ်​အဖြစ်​ထား​တော်မူ​ပြီ​။ 13ကိုယ်တော်​၏​လေးသည်တော်​တို့​သည် ငါ့​ကို ဝိုင်း​ထား​ကြ​၏​။ ကိုယ်တော်​သည် ငါ့​ကျောက်ကပ်​ကို မ​ညှာ​မ​တာ​ပစ်ခတ်​တော်မူ​၏​။ ငါ့​သည်းခြေ​ကို​လည်း မြေ​ပေါ်သို့ ဖောက်ချ​တော်မူ​၏​။ 14စစ်သူရဲ​ကဲ့သို့ ငါ့​ထံသို့ ပြေးလာ​ပြီး အနာ​ပေါ်​ထပ်၍ အနာ​ဖြစ်​အောင် ထိုးဖောက်​တော်မူ​၏​။ 15အရေပြား​ပေါ်တွင် လျှော်တေအဝတ်​ကို ချုပ်ဝတ်​ထား​ရ​ပါ​၏​။ ငါ့​ဦးချို​ကို​လည်း မြေမှုန့်​ထဲ၌ မြှုပ်​ထား​ရ​ပါ​၏​။ 16ငိုကြွေး​နေ​ရ​သောကြောင့် မျက်နှာ​မှာ​နီရဲ​၍ မျက်ကွင်း​များ​လည်း ညိုမဲ​နေ​ပါ​၏​။ 17သို့သော်လည်း ငါ​သည် မတရားမှု​ကို​မ​ပြု​။ ငါ​၏​ဆုတောင်း​ခြင်း​သည်​လည်း သန့်ရှင်း​ပါ​၏​။ 18အို မြေကြီး​၊ ငါ့​သွေး​ကို ဖုံး​မ​ထား​ပါ​နှင့်​။ ငါ့​အော်ဟစ်သံ​ရပ်စဲ​ရာ​အရပ်​ဟူ၍ မ​ရှိ​စေ​ပါ​နှင့်​။ 19ကြည့်ရှု​လော့​။ ယခုပင် ငါ့​အတွက် သက်သေထွက်ဆို​ပေး​မည့်​သူ​သည် ကောင်းကင်​၌​ရှိ​တော်မူ​၏​။ ငါ့​အတွက် လျှောက်လဲ​ပေး​မည့်​သူ​သည် အမြင့်ဆုံးအရပ်​တွင်​ရှိ​တော်မူ​၏​။ 20ငါ့​မိတ်ဆွေ​တို့​သည် ငါ့​ကို ပြက်ရယ်ပြု​ကြ​၏​။ ငါ​သည် ဘုရားသခင်​ရှေ့​တော်​တွင် မျက်ရည်​ကျ​ရ​ပါ​၏​။ 21လူ​အချင်းချင်း​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​သူ​ရှိ​သကဲ့သို့ လူ​နှင့်​ဘုရားသခင်​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​မည့်​သူ ရှိ​ပါစေသော​။ 22နှစ်​များ​လည်း ကုန်ဆုံး​လု​ပြီ​။ ပြန်​လမ်း​မ​ရှိ​သော​ခရီး​ကို ငါ​သွား​ရ​တော့​မည်​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ