YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 15

15
ဒုတိယအကြိမ် ‌အပြန်အလှန်ပြောသောစကား
ဧလိဖတ် ပြောသောစကား
1ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က 2“ပညာရှိ​သော​သူ​သည် အသိပညာမဲ့​သော​အချည်းနှီးစကား​ဖြင့် ပြန်ပြော​သင့်​သလော​။ သူ​၏​ဝမ်းစာ​ကို အရှေ့​လေ​ဖြင့် ဖြည့်​သင့်​သလော​။ 3အသုံး​မ​ဝင်​သော​စကား​၊ အကျိုးမဲ့​သော​စကား​များ​ဖြင့် ငြင်းခုံ​သင့်​သလော​။ 4အကယ်စင်စစ် သင်​၌ အကြောက်အလန့် မ​ရှိ​တော့​ပြီ​။ ဘုရားသခင်​ထံ အာရုံပြုလိုစိတ်​လည်း ပပျောက်​လေ​ပြီ​။ 5သင့်​အပြစ်​သည် သင့်​နှုတ်​ကို သင်ပြ​ပေး​၍ သင်​သည် ကောက်ကျစ်​သော​စကား​ကို ရွေးသုံး​လေ​ပြီ​။ 6သင့်​ကို အပြစ်တင်​သူ​မှာ ငါ​မ​ဟုတ်​။ သင့်​နှုတ်​ပင်​ဖြစ်​၏​။ သင့်​နှုတ်ခမ်း​သည် သင့်​ကို ဆန့်ကျင်​၍​သက်သေထွက်ဆို​လေ​ပြီ​။ 7သင်​သည် အဦးဆုံး​မွေးဖွား​လာ​သော​လူ​လော​။ တောင်ကုန်း​များ မ​ဖြစ်တည်​မီ သင်​ဖြစ်တည်​လာ​သလော​။ 8ဘုရားသခင်​၏​အစည်းအဝေး​ကို သင်​တက်ရောက်​ကြားနာ​ဖူး​သလော​။ ဉာဏ်ပညာ​ကို ကိုယ့်အတွက်ကိုယ် ကန့်သတ်​ထားရှိ​သလော​။ 9ငါ​တို့​မ​သိ​ဘဲ သင်​သာ​သိ​သော​အရာ​ရှိ​သလော​။ ငါ​တို့​နား​မ​လည်​ဘဲ သင်​သာ​နားလည်​သော​အရာ​ရှိ​သလော​။ 10ငါ​တို့​တွင် ဆံပင်​လည်း​ဖြူ​၊ အသက်​လည်း​ကြီး​သော​သူ​တို့ ရှိ​ကြ​၏​။ သင့်​ဖခင်​ထက်ပင် အသက်ပိုကြီး​ကြ​သေး​၏​။ 11ဘုရားသခင်​၏​နှစ်သိမ့်မှု​နှင့် ညင်သာ​စွာ​ပြောဆို​မှု​တို့​သည် သင့်​အဖို့ မ​လုံလောက်​သေး​သလော​။ 12အဘယ်ကြောင့် သင့်​စိတ်အလို​ကို သင်​လိုက်​ရ​သနည်း​။ အဘယ်ကြောင့် သင့်​မျက်လုံး​များ​အရောင်တောက်​နေ​ရ​သနည်း​။ 13သင်​သည် ဘုရားသခင်​ကို စိတ်ဆိုး​၍ ဤကဲ့သို့သော​စကား​မျိုး နှုတ်​မှ​ထွက်လာ​ရ​သလော​။ 14လူ​သည် မည်သို့သော​သူ​ဖြစ်၍ သန့်ရှင်းစင်ကြယ်​နိုင်​မည်နည်း​။ မိန်းမ​မှ​မွေးလာ​သော​လူ​သည် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။ 15ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​ပင် ယုံကြည်​သည်​မ​ဟုတ်​။ ကောင်းကင်​သည်​ပင် ကိုယ်တော့်​ရှေ့​တွင် စင်ကြယ်​သည်​မ​ဟုတ်​။ 16ထိုသို့ဆိုလျှင် ရေ​သောက်​သကဲ့သို့ မကောင်းမှု​ကို​ပြု​၍ စက်ဆုပ်ရွံရှာဖွယ်​ကောင်း​သော​သူ​၊ အကျင့်ပျက်ပြား​သော​သူ​တို့​မူကား အဘယ်သို့​ဆိုဖွယ်​ရာ​ရှိ​မည်နည်း​။ 17သင့်​ကို ငါ​ရှင်းပြ​မည်​။ နားထောင်​ပါ​။ ငါ​မြင်​ဖူး​သော​အရာ​ကို​လည်း ငါ​ပြောပြ​မည်​။ 18ဘိုးဘေး​တို့​လက်ထက်​မှစ၍ ပညာရှိ​တို့ တစ်စုံတစ်ရာ​ကွယ်ဝှက်​ခြင်း​မ​ရှိ​ဘဲ အဆင့်ဆင့်​ပြောပြ​သည့်​အတိုင်း ငါ​ပြန်​ပြောပြ​မည်​။ 19ဘိုးဘေး​တို့​တစ်မျိုးတည်း​ကို​သာ ပြည်​တော်​ကို ပေး​တော်မူ​ခဲ့​၏​။ ထို​ပြည်​တွင် မည်သည့်​လူမျိုးခြား​မျှ ဖြတ်သန်းသွားလာ​ခွင့်​မ​ရှိ​။ 20ဆိုးယုတ်​သော​သူ​သည် ဝေဒနာ​များ​ကို​သာ တစ်သက်လုံး​ခံစား​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​သူ​တို့​အဖို့​လည်း ဝေဒနာ​နှစ်​ကာလ​များ သိုထား​လျက်​ရှိ​၏​။ 21ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။ 22အမှောင်​ထဲမှ ပြန်လှည့်​လာ​နိုင်​မည်​ဟု သူ​မ​ယုံ​နိုင်​။ ဓား​သည်​လည်း သူ့​ကို​စောင့်ကြို​နေ​၏​။ 23သူ​က ‘​အဘယ်မှာ​နည်း​’​ဟု ဆို​လျက် စားစရာ​ကို​လှည့်လည်​ရှာဖွေ​၏​။ မှောင်မိုက်​သော​နေ့ရက်​သည်​လည်း သူ​၏​လက်တစ်ကမ်း​တွင် ရှိ​နေ​ကြောင်း​ကို သူ​သိ​၏​။ 24ဆင်းရဲဒုက္ခ​နှင့် ပူပင်သောက​တို့​သည် သူ့​ကို​ခြောက်လှန့်​လျက်​ရှိ​၏​။ စစ်တိုက်​ရန် အသင့်ရှိ​နေ​သော​ရှင်ဘုရင်​ကဲ့သို့ သူ့​ကို အနိုင်ယူ​လျက်​ရှိ​၏​။ 25အကြောင်းမှာ သူ​သည် ဘုရားသခင်​ကို လက်သီးလက်မောင်း​တန်းပြ​ခဲ့​၏​။ အနန္တတန်ခိုးရှင်​ကို အာခံ​ခဲ့​၏​။ 26သူ​သည် ထူထဲ​သော​ဒိုင်းလွှားကြီး​ကို​ကိုင်​လျက် ကိုယ်တော့်​ကို တိုက်ခိုက်​ရန် တဇွတ်ထိုး​ပြေးလာ​၏​။ 27သူ​၏​မျက်နှာ​သည် အဆီ​နှင့်​အစ်​လျက်​၊ ခါး​သည်​လည်း အဆီ​နှင့်​တုတ်​လျက်​ရှိ​၏​။ 28သို့သော် သူ​သည် မြို့ပျက်​များ​၊ လူ​မ​နေ​ပြိုပျက်​လု​သော​အိမ်​များ​တွင် နေ​ရ​၏​။ 29သူ​သည် ချမ်းသာ​မည်​မ​ဟုတ်​။ သူ့​ဥစ္စာပစ္စည်း​လည်း တည်မြဲ​မည်​မ​ဟုတ်​။ မြေကြီး​ပေါ်တွင် သူ​ပိုင်ဆိုင်​သော​အရာ​လည်း တိုးပွား​မည်​မ​ဟုတ်​။ 30သူ​သည် အမှောင်​ထဲမှ လွတ်မြောက်​နိုင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သူ့​အညွန့်​တို့​ကို ခြောက်သွေ့​စေ​လိမ့်မည်​။ နှုတ်​တော်​မှ​ထွက်သက်လေ​တစ်ချက်တည်း​ဖြင့် သူ​သည် ကွယ်ပျောက်​သွား​ရ​လိမ့်မည်​။ 31အကျိုးမရှိ​သော​အရာ​ကို ယုံစား​ခြင်း​ဖြင့် သူ့ကိုယ်သူ မ​လှည့်စား​သင့်​ပါ​။ အကြောင်းမူကား သူ​ပြန်ရရှိ​မည့်​အရာ​သည်​လည်း အကျိုးမရှိ​သော​အရာ​ပင် ဖြစ်​လိမ့်မည်​။ 32အချိန်​မ​တန်​မီ သူ​သည် အစုံအလင်​ပြန်ခံရ​မည်​။ သူ​၏​အကိုင်းအခက်​သည်​လည်း စိမ်းလန်း​မည်​မ​ဟုတ်​။ 33သူ​သည် မမှည့်​ခင်​အသီး​ကြွေကျ​သွား​သော​စပျစ်ပင်​ကဲ့သို့​၊ အပွင့်​ကြွေ​သွား​သော​သံလွင်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ 34ဘုရားတရားမဲ့​သော​လူအပေါင်း​တို့​သည် ဖြစ်ထွန်း​မည်​မ​ဟုတ်​။ တံစိုးစား​သော​သူ​တို့​၏​တဲ​များ​သည်​လည်း မီး​လောင်ကျွမ်း​သွား​လိမ့်မည်​။ 35သူ​တို့​သည် အခက်အခဲ​ပြဿနာ​ကို သန္ဓေတည်​၍ အပြစ်ဒုစရိုက်​ကို မွေးဖွား​၏​။ သူ​တို့​၏​ဝမ်း​သည် လိမ်လည်လှည့်ဖြား​ခြင်း​အတွက် အသင့်ရှိ​တတ်​၏​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ