ယောဘဝတ္ထု 14
14
1မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။ 2ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။ 3ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။ 4မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။ 5လူ့သက်တမ်းသည် သတ်မှတ်ထားပြီးသားဖြစ်၏။ သူအသက်ရှင်ရမည့်လများသည် ကိုယ်တော့်ထံ၌ ရှိ၏။ သူမကျော်လွန်နိုင်သောအသက်အပိုင်းအခြားကို ကိုယ်တော်သတ်မှတ်ထားပြီးဖြစ်၏။ 6သူရင်းငှားကဲ့သို့ သူသည် တစ်နေ့တာကုန်ဆုံးပြီးနောက် အနားယူအပန်းဖြေရမည့်အကြောင်း သူ့ထံမှမျက်နှာလွှဲ၍ တစ်ဦးတည်းနေစေတော်မူပါ။ 7သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။ 8အမြစ်တို့သည် မြေအောက်တွင်အိုသွား၍ အငုတ်သည် မြေပေါ်တွင်သေသွားလျှင်လည်း 9ရေအငွေ့အသက်ရသောအခါ အတက်ပေါက်၍ အပင်ပေါက်ကဲ့သို့ အခက်အလက် ထွက်လာလိမ့်မည်။ 10လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။ 11ပင်လယ်ရေသည် အငွေ့ပြန်သွားတတ်၏။ မြစ်သည်လည်း ခန်းခြောက်တိမ်ကောသွားတတ်၏။ 12လူသည်လည်း အိပ်ပျော်ရာမှ နိုးလာမည်မဟုတ်။ မိုးကောင်းကင်မပြိုမချင်း သူတို့နိုးလာကြမည်မဟုတ်။ သူတို့ကို အိပ်စက်ရာမှ နိုးလာစေနိုင်မည်မဟုတ်။ 13ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။ 14လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။ 15ကိုယ်တော်ခေါ်တော်မူလျှင် အကျွန်ုပ်ထူးပါမည်။ ကိုယ်တော်သည် ဖန်ဆင်းတော်မူသောသူကို အောက်မေ့တော်မူမည်ဖြစ်ပါ၏။ 16အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏ခြေလှမ်းတို့ကို ရေတွက်တော်မူသော်လည်း အကျွန်ုပ်၏အပြစ်ကို မှတ်တော်မမူပါ။ 17အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အိတ်ထဲ၌ချိပ်ပိတ်ထား၍ အကျွန်ုပ်၏ဒုစရိုက်ကို ဖုံးကွယ်ထားတော်မူပါ၏။ 18တောင်သည် ပြိုလဲပြီးလျှင် တစ်စစီဖြစ်သွားတတ်ပါ၏။ ကျောက်ဆောင်သည်လည်း မိမိနေရာမှ ရွေ့သွားတတ်ပါ၏။ 19ကျောက်တုံးများကို ရေတိုက်စားသွားသကဲ့သို့၊ မြေကြီးများလည်း ရေစီးနှင့်မျောပါသွားသကဲ့သို့ ကိုယ်တော်သည် လူ၏မျှော်လင့်ချက်ကို ဖျက်ဆီးတော်မူ၏။ 20ကိုယ်တော်သည် လူကိုအစဉ်နိုင်တော်မူ၍ သူသည် ကွယ်ပျောက်သွားရ၏။ သူ၏မျက်နှာရုပ်သွင်ကိုပြောင်းလဲပစ်၍ သူ့ကို အဝေးသို့နှင်ထုတ်တော်မူ၏။ 21သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။ 22ကိုယ်ခန္ဓာနာကျင်မှုကိုသာ သူခံစားရ၍ သူ့အတွက်သာ သူညည်းတွားလျက်နေရ၏”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 14: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative