YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 35

35
ရေခပ်အမျိုးသားပုံဥပမာ
1ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍ 2“​သင်​သည် ရေခပ်​အမျိုးသား​တို့​ထံ သွား​၍​စကားပြော​လော့​။ သူ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အခန်း​တစ်​ခု​သို့ ခေါ်လာ​၍ စပျစ်ဝိုင်​ကို​တိုက်​လော့​”​ဟု မိန့်ဆို​၏​။
3ငါ​က​လည်း ဟာဗဇိညာ​၏​သား​ဖြစ်​သော ယေရမိ​၏​သား ယာဇညာ​နှင့်တကွ သူ့​ညီအစ်ကို​များ​၊ သူ့​သား​များ​အပါအဝင် ရေခပ်​တစ်မျိုးသားလုံး​ကို ခေါ်​၍ 4ဘုရားသခင်​၏​လူ ဣဂဒါလိ​၏​သား​ဖြစ်​သော ဟာနန်​၏​သား​တို့ အခန်း​သို့ သွား​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွင်း​ရှိ ရှလ္လုံ​၏​သား တံခါးစောင့်​မာသေယ​နေ​သော​အခန်း​၏​အပေါ်​ထပ်​၌​ရှိ​သော အကြီးအကဲ​များ​၏​အခန်း​နှင့်​ကပ်​လျက်​ရှိ​၏​။ 5ထို့နောက် စပျစ်ဝိုင်​အပြည့်​ထည့်​ထား​သော​ကရား​နှင့်​ခွက်​တို့​ကို ရေခပ်​အမျိုးသား​တို့​ရှေ့​၌​ချပေး​၍ “​စပျစ်ဝိုင်​သောက်​ကြ​ပါ​”​ဟု ငါ​ဆို​၏​။
6သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် စပျစ်ဝိုင်​ကို​မ​သောက်​ပါ​။ အကျွန်ုပ်​တို့​ဘိုးဘေး ရေခပ်​၏​သား​ယောနဒပ်​က ‘​သင်​တို့​မှစ၍ သင်​တို့​သားစဉ်မြေးဆက်​တိုင် စပျစ်ဝိုင်​ကို တစ်သက်လုံး​မ​သောက်​ရ​။ 7အိမ်​မ​ဆောက်​ရ​။ မျိုးစေ့​မ​ကြဲ​ရ​။ စပျစ်ခြံ​မ​စိုက်ပျိုး​ရ​။ မ​ပိုင်ဆိုင်​ရ​။ သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး တဲ​ဖြင့်​သာ​နေ​ရ​မည်​။ သို့ပြုလျှင် ဧည့်သည်​အဖြစ် သင်​တို့​တည်းခိုနေထိုင်​ရ​သော​ထို​ပြည်​၌ အသက်တာ​ရှည်​မည်​’​ဟု မှာထား​လေ​ပြီ​။ 8အကျွန်ုပ်​တို့​ဘိုးဘေး ရေခပ်​၏​သား​ယောနဒပ် မှာထား​သမျှ​စကား​တို့​ကို အကျွန်ုပ်​တို့​နာခံ​ပါ​၏​။ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​မယား​၊ သား​သမီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး စပျစ်ဝိုင်​ကို မ​သောက်​ကြ​ပါ​။ 9အကျွန်ုပ်​တို့​နေထိုင်​ရန် အိမ်​ကို​လည်း မ​ဆောက်​ကြ​ပါ​။ အကျွန်ုပ်​တို့​၌ စပျစ်ခြံ​၊ လယ်​၊ မျိုးစေ့​တို့​လည်း မ​ရှိ​ပါ​။ 10အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ယောနဒပ် မှာထား​သမျှ​အတိုင်း လိုက်နာ​ပြုကျင့်​၍ တဲ​များ​၌​သာ​နေထိုင်​ကြ​ပါ​၏​။ 11ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဤ​ပြည်​ကို လာတိုက်​သောအခါ အကျွန်ုပ်​တို့​က ‘​ခါလဒဲ​စစ်သည်​၊ ဆီးရီးယား​စစ်သည်​တို့​၏​ရန်​ကြောင့် ဂျေရုဆလင်​မြို့​သို့​သွား​မည်​’​ဟု ဆို​လျက် ဂျေရုဆလင်​မြို့​သို့ သွားရောက်​နေထိုင်​ကြ​ပါ​သည်​”​ဟူ၍ ပြန်လည်​ပြောဆို​လေ​၏​။
12ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍ 13“အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​သည် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ထံ​သွား​၍ သူ​တို့​အား ‘ထာဝရဘုရား​က ငါ​ဆုံးမပဲ့ပြင်​သော​စကား​ကို သင်​တို့​နား​မ​ထောင်​ကြ​။ 14ရေခပ်​၏​သား​ယောနဒပ်​က မိမိ​အမျိုးသား​တို့​အား စပျစ်ဝိုင်​မ​သောက်​ရ​ဟု မှာကြား​ခဲ့​သည့်​ပညတ်​ကို သူ​တို့​စောင့်ထိန်း​ကြ​၏​။ ရေခပ်​အမျိုးသား​တို့​သည် သူ​တို့​ဘိုးဘေး​၏​စကား​ကို နားထောင်​လျက် ယနေ့​ထိတိုင် စပျစ်ဝိုင်​မ​သောက်​ဘဲ​နေ​ကြ​၏​။ သင်​တို့​မူကား ငါ​အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း ငါ့​စကား​ကို​နား​မ​ထောင်​ကြ​။ 15ငါ့​အစေအပါး​ပရောဖက်​တို့​ကို သင်​တို့​ထံ အကြိမ်ကြိမ်​စေလွှတ်​၍ သင်​တို့​နှင့် သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည့်​အကြောင်း သင်​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကြ​။ သင်​တို့​၏​အကျင့်စရိုက်​များ​ကို ပြုပြင်​ကြ​။ အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​နှင့်​၊ ဝတ်​မ​ပြု​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​သော်လည်း သင်​တို့​ဂရု​မ​စိုက်​၊ နား​မ​ထောင်​ကြ​။ 16ရေခပ်​၏​သား ယောနဒပ်​၏​သားစဉ်မြေးဆက်​တို့​သည် သူ​တို့​အား​မှာကြား​ထား​ခဲ့​သည့် သူ​တို့​ဘိုးဘေး​တို့​၏​စကား​ကို လိုက်နာ​ကြ​သော်လည်း ဤ​လူမျိုး​မူကား ငါ့​စကား​ကို နား​မ​ထောင်​ကြ​ပါ​တကား​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။ 17အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​သည် ငါ​မိန့်ဆို​သော်လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ငါ​ခေါ်​သော်လည်း သူ​တို့​မ​ထူး​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။
18ယေရမိ​က​လည်း ရေခပ်​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​တို့​၏​ဘိုးဘေး​ယောနဒပ်​၏​စကား​ကို သင်​တို့​နားထောင်​ကြ​လေ​ပြီ​။ သူ​ပညတ်​ထား​သည်​ကို သင်​တို့​စောင့်ထိန်း​လေ​ပြီ​။ သူ​မှာကြား​ခဲ့​သည့်​အတိုင်း သင်​တို့​လိုက်လျှောက်​ကြ​လေ​ပြီ​’​ဟု မိန့်​တော်မူ​၏​။ 19ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ရေခပ်​၏​သား​ယောနဒပ်​အမျိုးသား​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်မပြတ် အမှုထမ်း​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ