YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 34

34
ဇေဒကိကို ယေရမိဆင့်ဆိုသောစကား
1ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အားလုံး​၊ သူ​၏​လက်အောက်ခံ​တိုင်းနိုင်ငံ​များ​၊ လူမျိုး​များ​အားလုံး​သည် ဂျေရုဆလင်​မြို့ရွာ​ရှိသမျှ​တို့​ကို တိုက်ခိုက်​လာ​စဉ် ထာဝရဘုရား​ထံ​တော်​မှ​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍ 2“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​သည် ယုဒ​ဘုရင်​ဇေဒကိ​ထံသို့​သွား​၍ ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဤ​မြို့​ကို ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​မည်​။ သူ​သည် ဤ​မြို့​ကို မီး​ရှို့​လိမ့်မည်​။ 3သင်​သည် ဘေဘီလုံ​ဘုရင်​၏​လက်​မှ​လွတ်မြောက်​မည်​မ​ဟုတ်​။ ဖမ်းဆီး​ခြင်း အမှန်​ခံရ​မည်​။ ထို​ဘုရင်​လက်အောက်​သို့ ရောက်​ရ​လိမ့်မည်​။ သူ​နှင့် မျက်နှာချင်းဆိုင် တစ်ယောက်​ကို​တစ်ယောက်​ကြည့်​ပြီး စကားပြော​ရ​လိမ့်မည်​။ ဘေဘီလုံ​မြို့​သို့ လိုက်ပါ​သွား​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပြောကြား​လော့​။
4အို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ ထာဝရဘုရား​က ‘​သင်​သည် ဓား​ဖြင့်​သေ​ရ​မည်​မ​ဟုတ်​။ 5သင်​သည် ငြိမ်းချမ်း​စွာ​သေ​ရ​လိမ့်မည်​။ ရှေးယခင် သင့်​ဘိုးဘေး​ဘုရင်​တို့​ကို ပြု​ပေး​သကဲ့သို့ နံ့သာပေါင်း​ကို​ရှို့​လျက် အလို သခင်​ဟု ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ငါ​ကိုယ်တော်တိုင် သင့်​အဖို့ မိန့်ဆို​ထား​ခဲ့​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။
6ပရောဖက်​ယေရမိ​က​လည်း ဂျေရုဆလင်​မြို့​ရှိ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား ဤ​စကား​အလုံးစုံ​ကို ဆင့်ဆို​လေ​၏​။ 7ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။
လူတို့နှင့် သူတို့၏ကျွန်များ
8ဇေဒကိ​မင်းကြီး​က ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ပြီး ကျွန်ဘဝ​မှ​လွတ်မြောက်​ပြီ​ဟု ကြေညာ​ပြီးနောက်မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​ပြန်​၏​။ 9ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​ဖြစ်​သည့် ဟေဗြဲ​အမျိုးသား​၊ ဟေဗြဲ​အမျိုးသမီး​တို့​ကို အသီးသီး​လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ ဂျူး​လူမျိုး​တို့​တွင် မည်သူ​မျှ ကိုယ့်​အချင်းချင်း​ကျွန်​မ​ပြု​ရ​။ 10ပဋိညာဉ်​ဖွဲ့​ရာ​တွင် ပါဝင်​သော​အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​က ကိုယ့်​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ ဘယ်သောအခါမှ ကျွန်​ပြန်​မ​ပြု​ရ​ဟူသော​ပဋိညာဉ်​ပါ​အချက်​ကို သဘောတူ​နာခံ​၍ ကျွန်​တို့​ကို လွှတ်ပေး​ကြ​၏​။ 11ထို့နောက်မှ သူ​တို့​စိတ်ပြောင်း​၍ လွတ်မြောက်​သွား​သော​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို ပြန်ခေါ်​ပြီး ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ကျွန်​ပြန်​ပြု​စေ​ကြ​၏​။
12ထို့ကြောင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍ 13“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ငါ​သည် သင့်​ဘိုးဘေး​တို့​ကျွန်ခံရာ​အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​၍ 14သင့်​ထံ ကိုယ့်ကိုယ်ကိုယ် ကျွန်​အဖြစ်​ရောင်း​လိုက်​သော ဟေဗြဲ​အမျိုးသားချင်း​တို့​ကို သတ္တမ​နှစ်​အဆုံး​တွင် လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ သင့်​ထံ ခြောက်​နှစ်​အစေခံ​ပြီးလျှင် သူ့​ကို​လွတ်မြောက်​ခွင့်​ပေး​ရ​မည်​ဟု ဆို​သော်လည်း သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။ 15ယခုတွင် သင်​တို့​သည် နောင်တရ​၍ ငါ့​မျက်မှောက်​၌ မှန်​သော​အရာ​ကို ပြု​ကြ​၏​။ အိမ်းနီးချင်း​အချင်းချင်း​အား လွတ်မြောက်​ခွင့်​ရ​ပြီ​ဟု ကြေညာ​ကြ​၏​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ငါ့​အိမ်​တော်​၊ ငါ့​မျက်မှောက်​တွင် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​၏​။ 16ထို့နောက်မှ သင်​တို့​စိတ်ပြောင်း​၍ ငါ့​နာမ​ကို ရှုတ်ချ​ကြ​၏​။ သင်​တို့​အားလုံး​သည် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သူ​တို့​သဘော​အတိုင်း လွတ်မြောက်​ခွင့်​ပေး​ပြီးမှ သူ​တို့​ကို​ပြန်ခေါ်​၍ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ကျွန်​ပြန်​ပြု​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။
17ထို့ကြောင့် ထာဝရဘုရား​က ‘သင်​တို့​သည် ကိုယ့်​ညီအစ်ကိုချင်း​၊ ကိုယ့်​အိမ်နီးချင်း​အတွက် လွတ်မြောက်​ခွင့်​ကြေညာ​ရာ​၌ ငါ့​စကား​ကို နား​မ​ထောင်​ကြ’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သင်​တို့​အတွက် လွတ်မြောက်​ခွင့်​ကို ငါ​ကြေညာ​မည်​။ မြေကြီး​ပေါ်ရှိ တိုင်းနိုင်ငံ​အားလုံး​က သင်​တို့​ကို ကြောက်လန့်စရာ​အဖြစ် မြင်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 18နွားသငယ်​ကို​ထက်ဝက်ခြမ်း​ပြီး အလယ်​၌ ဖြတ်လျှောက်​၍ ငါ့​ရှေ့​၌​ပဋိညာဉ်ဖွဲ့​ခဲ့​ပြီးမှ ထို​ပဋိညာဉ်​ပါ​အချက်​ကို မ​ပြုကျင့်​၊ ပဋိညာဉ်​ကို ချိုးဖောက်​သော​သူ​ဖြစ်​သော 19နွားသငယ်​ထက်ခြမ်း​အလယ်​၌ လျှောက်သွား​သော ယုဒ​လူမျိုး​အကြီးအကဲ​များ​နှင့်တကွ ဂျေရုဆလင်​မြို့​အကြီးအကဲ​များ​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို 20သူ​တို့​အသက်​ကို ရန်ရှာ​သော​သူ​တို့​၏​ရန်သူ​တို့​လက်​သို့ ငါ​အပ်​မည်​။ အလောင်းကောင်​တို့​သည် ကောင်းကင်​ငှက်​၊ မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​လိမ့်မည်​။ 21ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​မှူးမတ်​များ​အား သူ​တို့​အသက်​ကို​ရန်ရှာ​သော သူ​တို့​၏​ရန်သူ​ဖြစ်​သည့် ဆုတ်ခွာ​သွား​သော​ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့​လက်​သို့ ငါ​အပ်လိုက်​မည်​။ 22ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ရန်သူ​တို့​ကို​အမိန့်ပေး​၍ ဤ​မြို့​သို့ ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဤ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​၍ မီး​ရှို့​ကြ​လိမ့်မည်​။ ငါ​သည် ယုဒ​မြို့ရွာ​တို့​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 34: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။