YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 36

36
ယေရမိနှုတ်မှခေါ်ပေးသောစာလိပ်
1ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍ 2“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။ 3ယုဒ​အမျိုးသား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ​၏​အကြံအစည်​ကို သူ​တို့​ကြား​လျှင် သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကောင်း​ပြန်လာ​ကြ​လိမ့်မည်​။ သို့ပြုလျှင် သူ​တို့​၏​အပြစ်​ဒုစရိုက်​များ​ကို ငါ​ခွင့်လွှတ်​မည်​”​ဟု မိန့်ဆို​၏​။
4ထိုအခါ ယေရမိ​သည် နေရိ​၏​သား ဗာရုတ်​ကို​ခေါ်​ပြီး ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​သည် စာလိပ်​တစ်လိပ်​ပေါ်တွင် ရေးမှတ်​လေ​၏​။ 5ထို့နောက် ယေရမိ​က ဗာရုတ်​အား “​ငါ​အချုပ်ခံ​နေ​ရ​သဖြင့် ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​သွား​နိုင်​။ 6ထို့ကြောင့် ငါ့​နှုတ်​မှ​ခေါ်ပေး​၍ စာလိပ်​ထဲ၌​သင်​ရေး​ထား​ခဲ့​သည့် ထာဝရဘုရား​၏​စကား​တော်​များ​ကို အစာရှောင်​မည့်​နေ့​တွင် သင်​သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ရှိ​လူ​တို့​ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။ ထို့ပြင် ကိုယ့်​မြို့​အသီးသီး​မှ​ရောက်လာ​ကြ​သော ယုဒ​လူမျိုး​အားလုံး​တို့ ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။ 7သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပျပ်ဝပ်​လျက် အသနားခံ​ကောင်း​ခံ​ကြ​လိမ့်မည်​။ အကြောင်းမူကား ဤ​လူမျိုး​တို့​ကို ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​လေ​ပြီ​”​ဟု ဆို​၏​။ 8နေရိ​၏​သား​ဗာရုတ်​သည် ပရောဖက်​ယေရမိ​မှာထား​သည့်​အတိုင်း စာလိပ်​ထဲ၌​ရေးမှတ်​ထား​သော ထာဝရဘုရား​၏​စကား​တော်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ဖတ်ပြ​လေ​၏​။
စာလိပ်ကို ဗာရုတ်ဖတ်ပြခြင်း
9ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​ငါး​နှစ်​၊ နဝမ​လ​တွင် ဂျေရုဆလင်​မြို့သူမြို့သား​အပေါင်း​နှင့် ယုဒ​မြို့ရွာ​တို့​မှ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သော​သူ​အပေါင်း​တို့​အား ထာဝရဘုရား​ရှေ့​တော်​၌ အစာရှောင်​ကြ​ရန် ကြေညာ​၏​။ 10ထိုအခါ ဗာရုတ်​သည် စာလိပ်​ပါ​ယေရမိ​ဆင့်ဆို​သော​စကား​များ​ကို လူ​အားလုံး​ကြားသိ​စေရန် ထာဝရဘုရား​၏​အိမ်​တော်​ရှိ ဂေမရိ​၏​သား စာရေးတော်ကြီး​ရှာဖန်​၏​အခန်း​မှ​နေ​၍ ဖတ်ပြ​လေ​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​ဝင်း​တံခါး​သစ်​အဝင်ဝ​နားတွင်​ရှိ​၏​။ 11ရှာဖန်​၏​မြေး​၊ ဂေမရိ​၏​သား​မိက္ခာယ​သည် စာလိပ်​ပါ​ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ကြား​သောအခါ 12စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။ 13မိက္ခာယ​သည် လူ​အားလုံး​ကြားသိ​စေရန် ဗာရုတ်​ဖတ်ပြ​ခဲ့​သော စာလိပ်​ပါ​အကြောင်းအရာ​များ​ကို မိမိ​ကြား​ခဲ့​သည့်​အတိုင်း သူ​တို့​အား ပြောပြ​လေ​၏​။ 14ထိုအခါ အကြီးအကဲ​တို့​က ကုရှိ​၏​မြစ်​၊ ရှေလမိ​၏​မြေး​၊ နေသနိ​၏​သား ယေဟုဒိ​ကို ဗာရုတ်​ထံသို့​စေလွှတ်​၍ “​လူ​တို့​ကြားသိ​စေရန် သင်​ဖတ်ပြ​ခဲ့​သော​စာလိပ်​ကို သင်​ကိုယ်တိုင်​ယူလာ​လော့​”​ဟု ဆို​စေ​သဖြင့် နေရိ​သား​ဗာရုတ်​လည်း ထို​စာလိပ်​ကို ကိုယ်တိုင်​ယူ​၍ လာ​ခဲ့​၏​။ 15သူ​တို့​က​လည်း ဗာရုတ်​အား “​ထိုင်​၍ ငါ​တို့​အား ဖတ်ပြ​လော့​”​ဟု ဆို​သဖြင့် ဗာရုတ်​လည်း သူ​တို့​ကြားသိ​စေရန် ဖတ်ပြ​လေ​၏​။ 16သူ​တို့​သည် စကား​တော်​အလုံးစုံ​ကို ကြား​ရ​သောအခါ အသီးသီး​ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ ဗာရုတ်​အား​လည်း “​ဤ​စကား​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ထံ မဖြစ်မနေ​တင်ပြ​ရ​မည်​”​ဟု ဆို​ပြီး 17ဗာရုတ်​အား “​ငါ​တို့​ကို ပြောပြ​လော့​။ ယေရမိ​နှုတ်​မှ​ပြော​သော ဤ​စကား​အလုံးစုံ​တို့​ကို သင်​မည်ကဲ့သို့ ရေးမှတ်​ခဲ့​သနည်း​”​ဟု ပြောဆို​မေးမြန်း​ကြ​၏​။ 18ဗာရုတ်​က​လည်း “​ဤ​စကား​အလုံးစုံ​တို့​ကို သူ့​နှုတ်​မှ​ခေါ်ပေး​၍ အကျွန်ုပ်​က မင်​ဖြင့် စာလိပ်​ပေါ်တွင် ရေးမှတ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။
စာလိပ်ကို ယောယကိမ်မင်းကြီးမီးရှို့ပစ်ခြင်း
19အကြီးအကဲ​တို့​က ဗာရုတ်​အား “​သင်​နှင့်​ယေရမိ သွား​၍​ပုန်းရှောင်​နေ​လော့​။ သင်​တို့​ရှိ​သည့်​နေရာ​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ကြ​၏​။ 20သူ​တို့​သည် စာလိပ်​ကို စာရေးတော်ကြီး​ဧလိရှမာ​အခန်း​တွင် ထား​ခဲ့​ပြီး နန်းတော်ဝင်း​ရှိ ရှင်ဘုရင်​ထံသို့​သွား​၍ ထို​အကြောင်းအရာ​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ကြားသိ​စေရန် လျှောက်ထား​လေ​၏​။ 21ထိုအခါ ရှင်ဘုရင်​သည် ယေဟုဒိ​ကို​စေလွှတ်​၍ စာလိပ်​ကို​ယူ​စေ​၏​။ ယေဟုဒိ​သည် စာရေးတော်ကြီး​ဧလိရှမာ​အခန်း​ရှိ​စာလိပ်​ကို ယူလာ​ပြီးလျှင် ရှင်ဘုရင်​နှင့်တကွ ရှင်ဘုရင်​၏​ထံပါး​တွင်​ခစား​သော အကြီးအကဲ​အားလုံး​တို့​ကြားသိ​စေရန် ဖတ်ပြ​လေ​၏​။ 22ထို​အချိန်​သည် နဝမ​လ​ဖြစ်၍ ရှင်ဘုရင်​သည် ဆောင်းရာသီ​စံ​နန်းဆောင်​တွင် စံမြန်း​နေ​၏​။ သူ့​ရှေ့​၌ မီးတောက်​နေ​သော မီးလင်းဖို​ရှိ​၏​။ 23စာ​သုံး​လေး​ပိုင်း​မျှ ဖတ်​အပြီး​တွင် ရှင်ဘုရင်​သည် စာရေးတော်ကြီး​၏​ဓား​ဖြင့် စာလိပ်​ကို​ဖြတ်​၍ မီးတောက်​နေ​သော​မီးလင်းဖို​ထဲသို့​ပစ်ချ​ရာ စာလိပ်​တစ်ခုလုံး မီးလင်းဖို​ထဲတွင် လောင်ကျွမ်း​ကုန်​၏​။ 24ထို​စကား​အလုံးစုံ​တို့​ကို​ကြား​ရ​သော ရှင်ဘုရင်​နှင့် သူ​၏​အစေအပါး​အားလုံး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ခြင်း​မ​ရှိ​ကြ​၊ အဝတ်​ကို​မ​ဆုတ်​ကြ​။ 25ဧလနာသန်​၊ ဒေလာယ​၊ ဂေမရိ​တို့​က စာလိပ်​ကို​မီး​မ​ရှို့​ရန် ရှင်ဘုရင်​အား တောင်းပန်​ကြ​သော်လည်း ရှင်ဘုရင်​သည် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​။ 26ရှင်ဘုရင်​သည် သား​တော်​ယေရမေလ​၊ အာဇရေလ​၏​သား​စရာယ​နှင့် အာဗဒေလ​၏​သား​ရှေလမိ​တို့​အား စာရေးတော်ကြီး​ဗာရုတ်​နှင့်​ပရောဖက်​ယေရမိ​တို့​ကို ဖမ်းဆီး​ရန် အမိန့်ပေး​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို ဝှက်​ထား​တော်မူ​၏​။
ယေရမိနှုတ်မှခေါ်ပေးသော နောက်စာလိပ်တစ်လိပ်
27ယေရမိ​နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​ရေးမှတ်​ထား​သော​စကား​တော်​ပါ စာလိပ်​ကို ရှင်ဘုရင်​မီးရှို့​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍ 28“စာလိပ်​နောက်​တစ်​လိပ်​ကို​ယူ​ပြီး ယုဒ​ဘုရင်​ယောယကိမ် မီးရှို့​လိုက်​သော ပထမ​စာလိပ်​၌​ပါ​သည့်​စကား​အတိုင်း နောက်​စာလိပ်​ပေါ်၌ ရေးမှတ်​လော့​။ 29သင်​သည် ယုဒ​ဘုရင်​ယောယကိမ်​အား ‘သင်​က ထို​စာလိပ်​ပေါ်တွင် ဘေဘီလုံ​ဘုရင်​အမှန်​လာ​၍ ဤ​ပြည်​ကို​ဖျက်ဆီး​မည်​။ ဤ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖယ်ရှား​ပစ်​မည်​ဟူ၍ အဘယ်ကြောင့် ရေးမှတ်​သနည်း​ဟု ဆို​လျက် စာလိပ်​ကို သင်​မီးရှို့​လေ​ပြီ​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​”​ဟု ဆင့်ဆို​ရ​မည်​။ 30ထို့ကြောင့် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သူ​၏​အမျိုးအနွယ်​သည် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ခွင့်​ရ​မည်​မ​ဟုတ်​။ သူ​၏​အလောင်း​ကို နေ့​အချိန်​တွင် နေပူ​ထဲ၌​၊ ညအချိန်​တွင် နှင်းတော​ထဲ၌ ပစ်​ထား​ကြ​လိမ့်မည်​။ 31သူ​နှင့် သူ​၏​သားစဉ်မြေးဆက်​၊ သူ​၏​အစေအပါး​တို့​ပြု​သော​ဒုစရိုက်​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​နှင့်တကွ ဂျေရုဆလင်​မြို့သား​၊ ယုဒ​အမျိုးသား​တို့​အပေါ် ငါ​မိန့်ဆို​ထား​သည့်​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​မည်​ဖြစ်​သော်လည်း သူ​တို့​ဂရု​မ​စိုက်​ကြ​”​ဟု မိန့်​တော်မူ​၏​။
32ထို့နောက် ယေရမိ​သည် စာလိပ်​နောက်​တစ်​လိပ်​ကို​ယူ​၍ နေရိ​၏​သား စာရေးတော်ကြီး​ဗာရုတ်​အား ပေး​လေ​၏​။ ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး မီး​ရှို့​ပစ်​သော​စာလိပ်​၌​ပါ​သည့်​စကား​အတိုင်း ယေရမိ​သည် နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​ရေးမှတ်​လေ​၏​။ ထိုသို့သော နှုတ်ထွက်​စကား​များစွာ​ကို​လည်း ထပ်၍​ဖြည့်စွက်​ခေါ်ပေး​သေး​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 36: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ