YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 22

22
အပြစ်ပြုသောဘုရင်တို့ တရားစီရင်ခံရခြင်း
1ထာဝရဘုရား​က “​ယုဒ​ဘုရင်​၏​နန်းတော်​သို့​ဆင်းသွား​လော့​။ ထို​အရပ်​၌ ဤ​စကား​ကို သင်​ပြောကြား​ရ​မည်​။ 2‘ဤ​မြို့​တံခါး​ကို​ဖြတ်သန်းသွားလာ​သော ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သည့် ယုဒ​ဘုရင်​မှစ၍ အစေအပါး​များ​၊ ပြည်သူပြည်သား​များ​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 3ထာဝရဘုရား​က တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​ပြု​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်သူ​၏​လက်​မှ​ကယ်နုတ်​လော့​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို နိုင်ထက်စီးနင်း​မ​ပြု​နှင့်​။ အကြမ်း​မ​ဖက်​နှင့်​။ ဤ​အရပ်​၌ အပြစ်မဲ့​သော​သူ​ကို မ​သတ်​နှင့်​။ 4ဤ​စကား​အတိုင်း သင်​တို့​အမှန်တကယ်​လိုက်နာ​လျှင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စိုးစံ​သော​ရှင်ဘုရင်​တို့​သည် ရထားစီး​လျက်​၊ မြင်းစီး​လျက် သူ​တို့​၏​အမှုထမ်း​များ​၊ ပြည်သူပြည်သား​များ​ပါ​လျက် ဤ​နန်းတော်​တံခါး​ကို ဖြတ်သန်း​သွားလာ​ရ​လိမ့်မည်​။ 5ဤ​စကား​အတိုင်း သင်​တို့​မ​လိုက်နာ​လျှင် ဤ​နန်းတော်​ကို ပြိုပျက်​ရာ​အရပ်​ဖြစ်​စေ​မည်​ဟု ငါ​ထာဝရဘုရား​သည် ကိုယ့်ကိုယ်ကိုယ်​တိုင်တည်​၍ ကျိန်ဆို​၏ဟု​မိန့်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်ဆို​၏​။ 6ယုဒ​ဘုရင်​၏​နန်းတော်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင်​သည် ဂိလဒ်​ပြည်​ကဲ့သို့​၊ လက်ဘနွန်​တောင်ထိပ်​ကဲ့သို့ ဖြစ်​သော်လည်း ငါ​သည် သင့်​ကို တောကန္တာရ​ကဲ့သို့​၊ လူ​မ​နေ​သော​မြို့​ကဲ့သို့ ဖြစ်​စေ​မည်​။ 7လက်နက်​ကိုယ်စီ​ပါ​သော အဖျက်သမား​များ​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ သူ​တို့​သည် သင်​တို့​၏​အကောင်းဆုံး​သစ်ကတိုးပင်​များ​ကို ခုတ်လှဲ​၍ မီး​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်​။ 8ဤ​မြို့​နား​ဖြတ်သွား​သော​လူ​အများ​တို့​က ‘​ထာဝရဘုရား​သည် ဤ​မြို့​ကြီး​ကို အဘယ်ကြောင့် ဤသို့​ပြု​တော်မူ​သနည်း​’​ဟု တစ်ယောက်​ကို​တစ်ယောက် မေးမြန်း​ကြ​လိမ့်မည်​။ 9‘​သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို စွန့်ပယ်​၍ အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ရှလ္လုံနှင့်ဆိုင်သောမိန့်ဆိုချက်
10သေ​သော​သူ​အတွက် မ​ငိုကြွေး​နှင့်​၊ ဝမ်း​မ​နည်း​နှင့်​။ သို့သော် အဝေး​သို့​ထွက်သွား​သော​သူ​အတွက် ဝမ်းနည်းပက်လက်​ငိုကြွေး​လော့​။ သူ​သည် နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။ သူ​၏​မွေးရပ်​မြေ​ကို ပြန်မြင်​ရ​တော့​မည်​မ​ဟုတ်​။ 11ခမည်းတော်​ယောရှိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​သော ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရှလ္လုံ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “သူ​သည် ဤ​ပြည်​မှ​ထွက်သွား​၍ နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။ 12ရန်သူ​ဖမ်းခေါ်​သွား​ရာ​အရပ်​၌ပင် သေ​ရ​မည်​။ ဤ​ပြည်​ကို မြင်​ရ​တော့​မည်​မ​ဟုတ်​။
ယောယကိမ်နှင့်ဆိုင်သောမိန့်ဆိုချက်
13မသမာ​သော​နည်း​ဖြင့် မိမိ​နန်းတော်​ကို တည်ဆောက်​သော​သူ​၊ မတရား​သော​နည်း​ဖြင့် ဘုံဗိမာန်​များ​ကို တည်ဆောက်​သော​သူ​၊ အမျိုးသားချင်း​တို့​ကို ခိုင်းစေ​ပြီး လုပ်အားခ​မ​ပေး​သော​သူ​၊ 14‘​ငါ့​အတွက် ကြီးမား​သော​နန်းတော်​၊ ကျယ်ဝန်း​သော​ဘုံဗိမာန်​များ​ကို တည်ဆောက်​မည်​။ ပြတင်းပေါက်​များ​ကို​ဖောက်​၍ သစ်ကတိုး​နှင့်​အကွက်ဖော်​ပြီးလျှင် အနီရောင်​သုတ်​မည်’​ဟု ဆို​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ 15ထာဝရဘုရား​က “​သစ်ကတိုး​နန်းတော်​တွင်​စံမြန်း​ရ​သောကြောင့် သင်​ဘုရင်​ဖြစ်​သည်​ဟု သင်​ထင်​သလော​။ သင်​၏​ဖခင်​လည်း စား​သောက်​ခဲ့​ရ​သည်​မ​ဟုတ်​လော​။ သူ​သည် တရားမျှတ​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ဖြစ်​သောကြောင့် ကောင်းစား​ခဲ့​သည်​မ​ဟုတ်​လော​။ 16ဆင်းရဲ​နွမ်းပါး​သူ​တို့​၏​အမှု​ကို တရားသဖြင့်စီရင်​သောကြောင့် ကောင်းစား​ခဲ့​သည်​မ​ဟုတ်​လော​။ ဤသည်ကား ငါ့​ကို​သိကျွမ်း​ခြင်း​ကြောင့်​ပင်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။ 17သင့်​မျက်စိ​၊ သင့်​စိတ်နှလုံး​ထဲတွင်​မူကား မတရား​စီးပွားရှာ​ခြင်း​၊ အပြစ်မဲ့​သော​သူ​ကို​သတ်ဖြတ်​ခြင်း​၊ ဖိနှိပ်ချုပ်ချယ်​ခြင်း​၊ နှိပ်စက်​ခြင်း​တို့​သာ​ရှိ​၏​။
18ထို့ကြောင့် ယောရှိ​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အလို ငါ့​အစ်ကို​၊ အလို ငါ့​နှမ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ အလို သခင်​၊ အလို ဘုန်းကြီးသောသူ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ 19မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။ 20လက်ဘနွန်​တောင်​ပေါ်သို့​တက်သွား​၍ အော်ဟစ်​လော့​။ ဗာရှန်​ပြည်​၌ သင့်​အသံ​ကို​လွှင့်​လော့​။ အာဗရိမ်​အရပ်​မှ အော်ဟစ်​လော့​။ သင်​ချစ်​သော​သူ​အားလုံး ပျက်စီး​ကုန်​ပြီ​။ 21သင်​ကောင်းစား​စဉ်​အခါက သင့်​အား ငါ​သတိပေး​သော်လည်း သင်​က ‘​ငါ​နား​မ​ထောင်​’​ဟု ပြန်ပြော​၏​။ ငယ်စဉ်​ကပင် ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သည်​မှာ သင်​၏​အကျင့်​ဖြစ်​၏​။ 22သင်​၏​သိုးထိန်း​အားလုံး​တို့​သည် လေတိုက်​ရာ​သို့ လွင့်ပါ​သွား​ရ​မည်​။ သင်​ချစ်​သော​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​သွား​ရ​မည်​။ သင်​၏​မကောင်းမှု​အလုံးစုံ​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ အသရေပျက်​ရ​လိမ့်မည်​။ 23သစ်ကတိုးပင်​၌​အသိုက်လုပ်​၍ လက်ဘနွန်​တောင်​၌​နေ​သော​သူ​၊ သားဖွား​ဝေဒနာ​ကဲ့သို့ နာကျင်​ခြင်း​ဝေဒနာ​ကို သင်​ခံစား​ရ​သောအခါ သင်​မည်မျှ​ညည်းတွား​လိမ့်​မည်နည်း”​ဟု မိန့်​တော်မူ​၏​။
ခေါနိနှင့်ဆိုင်သောမိန့်ဆိုချက်
24ထာဝရဘုရား​က “ငါ​အသက်ရှင်​သည်​နှင့်အညီ ယောယကိမ်​၏​သား ယုဒ​ဘုရင်​ခေါနိ​သည် ငါ့​လက်ယာ​လက်​၌​ရှိ​သော တံဆိပ်​ဖြစ်​ခဲ့​လျှင်​လည်း သင့်​ကို ငါ​ဖယ်ပစ်​မည်​။ 25သင့်​အသက်​ကို​ရန်ရှာ​သော​သူ​၊ သင်​ကြောက်​သော​သူ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​နှင့် ခါလဒဲ​တပ်​၏​လက်​သို့ သင့်​ကို ငါ​အပ်​မည်​။ 26ငါ​သည် သင်​နှင့် သင့်​မွေးသမိခင်​ကို သင်​တို့​မွေးဖွား​ရာ​အရပ်​မ​ဟုတ်​သော​အခြား​ပြည်​သို့ နှင်ထုတ်​လိုက်​မည်​။ ထို​ပြည်​၌ပင် သင်​တို့​သေ​ရ​လိမ့်မည်​။ 27သူ​တို့​ပြည်​သို့​ပြန်လာ​လို​သော်လည်း ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 28“​ခေါနိ​ဟူသော ဤ​လူ​သည် အသုံးမဝင်​သော​အိုး​ကွဲ​လော​။ မည်သူ​မျှ​အလို​မ​ရှိ​သော​အိုး​လော​။ အဘယ်ကြောင့် သူ​နှင့်​သူ့​အမျိုးအနွယ်​ကို စွန့်ပစ်​ရ​သနည်း​။ အဘယ်ကြောင့် သူ​တို့​မ​သိ​သော​ပြည်​သို့ သူ​တို့​ကို နှင်ထုတ်​ရ​သနည်း​။ 29အို မြေကြီး မြေကြီး မြေကြီး​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ 30‘​ဤ​လူ​ကို သားသမီး​မ​ထွန်းကား​သော​သူ​၊ တစ်သက်လုံး အောင်မြင်မှု​မ​ရ​သော​သူ​’​ဟု မှတ်တမ်းတင်​ကြ​လော့​။ သူ​၏​အမျိုးအနွယ်​တစ်စုံတစ်ယောက်​မျှ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်၌ စံမြန်း​ခွင့်​၊ ယုဒ​ပြည်​ကို အုပ်စိုးခွင့် ရ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ