YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 23

23
ထာဝရဘုရားနှင့်သိုးစုတော်
1ထာဝရဘုရား​က “​ငါ​၏​စားကျက်​မှ​သိုး​တို့​ကို ဖျက်ဆီး​သော​သိုးထိန်း​၊ ကွဲလွင့်​စေ​သော​သိုးထိန်း​တို့​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ 2အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​လူမျိုး​တော်​ကို​ထိန်းကျောင်း​သော သိုးထိန်း​တို့​အား “​သင်​တို့​သည် ငါ​၏​သိုးစု​ကို​ကွဲလွင့်​စေ​၏​။ နှင်ထုတ်​၏​။ သူ​တို့​ကို ဂရု​မ​စိုက်​။ ကြည့်ရှု​လော့​။ သင်​တို့​ပြု​သော​ဆိုးညစ်မှု​ကြောင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 3“​ကြွင်းကျန်​သော ငါ​၏​သိုးစု​ကို ငါ​နှင်ထုတ်​ရာ​အရပ်ရပ်​မှ ငါ​စုသိမ်း​မည်​။ သူ​တို့​၏​စားကျက်မြေ​သို့ သူ​တို့​ကို ပြန်ခေါ်​လာ​မည်​။ သူ​တို့​သည် တိုးပွား​များပြား​ကြ​လိမ့်မည်​။ 4သူ​တို့​ကို ထိန်းကျောင်း​မည့်​သိုးထိန်း​များ​ကို ငါ​ခန့်ထား​မည်​။ သူ​တို့ ကြောက်ရွံ့​ထိတ်လန့်​ရ​တော့​မည်​မ​ဟုတ်​။ ပျောက်ဆုံး​ခြင်း​လည်း​ရှိ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
ဒါဝိဒ်၏ဖြောင့်မတ်ခြင်းအကိုင်း
5ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။ 6ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 7ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ‘​အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု နောက်တစ်ဖန် မ​ပြောဆို​ကြ​တော့​ဘဲ 8‘​မြောက်ဘက်​အရပ်​မှ​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ အစ္စရေး​အမျိုးသား သားစဉ်မြေးဆက်​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ သူ​တို့​သည် နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ပရောဖက်အတုအယောင်တို့ကို အပြစ်တင်ခြင်း
9ပရောဖက်​တို့​နှင့်​ပတ်သက်၍ ငါ့​စိတ်နှလုံး​သည် ကျိုးပဲ့​လျက်​၊ အရိုး​ရှိသမျှ​တို့​သည်​လည်း တုန်လှုပ်​လျက်​ရှိ​၏​။ ထာဝရဘုရား​ကြောင့်​၊ သန့်ရှင်း​သော​စကား​တော်​ကြောင့် ငါ​သည် အမူးသမား​ကဲ့သို့​၊ စပျစ်ဝိုင်​ယစ်မူး​သူ​ကဲ့သို့ ဖြစ်​၏​။ 10အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။ 11“​ပရောဖက်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် ညစ်ညူး​ကြ​ပြီ​။ ငါ့​အိမ်​တော်​၌ပင် မကောင်းမှု​ပြု​ကြ​သည်​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 12“​သူ​တို့​သွား​သော​လမ်း​သည် မှောင်မိုက်​၍ ချော်​သော​လမ်း​ဖြစ်​မည်​။ သူ​တို့​သည် ထို​လမ်း​တွင် တွန်းထိုး​ခံရ​၍ လဲကျ​ကြ​လိမ့်မည်​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 13ရှမာရိ​ပရောဖက်​တို့​တွင် ရွံရှာဖွယ်အမှု​ကို ငါ​တွေ့​၏​။ သူ​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြင့် ငါ့​လူမျိုး​တော်​ကို လမ်းလွဲ​စေ​ပြီ​။ 14ဂျေရုဆလင်​ပရောဖက်​တို့​တွင်​လည်း ကြောက်မက်ဖွယ်​ရာ​ကို ငါ​တွေ့​ပြီ​။ သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ မုသား​လမ်း​ကို လိုက်လျှောက်​ကြ​၏​။ ဆိုးညစ်​သူ​တို့​ကို အားပေး​သောကြောင့် မည်သူ​မျှ မိမိ​မကောင်းမှု​မှ နောင်တ​မ​ရ​ကြ​။ ပရောဖက်​အားလုံး​သည် ငါ့​ရှေ့​၌ သောဒုံ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့သား​တို့​သည်​လည်း ဂေါမောရ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။
15ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။
16ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် သင်​တို့​အား အဓိပ္ပာယ်မဲ့​သော​စကား​ကို ဟောပြော​ကြ​၏​။ ထာဝရဘုရား​၏​နှုတ်ထွက်​စကား​မ​ဟုတ်​ဘဲ မိမိ​တို့​စိတ်သဘော​အတိုင်း ဗျာဒိတ်နိမိတ်​ကို ဟောပြော​တတ်​ကြ​၏​။ 17ထို​ပရောဖက်​တို့​က ငါ့​ကို မထီလေးစား​ပြု​သူ​တို့​အား ‘​ထာဝရဘုရား​က သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု အထပ်ထပ်​ဟော​တတ်​ကြ​၏​။ စိတ်သဘော​မာကျော​သော​သူ​အားလုံး​အား ‘​သင်​တို့ ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟူ၍ ဟော​တတ်​ကြ​သည်​”​ဟု မိန့်​တော်မူ​၏​။ 18သို့သော် မည်သူ​သည် ထာဝရဘုရား​၏​အစည်းအဝေး​၌​ရပ်​သနည်း​။ မည်သူ​သည် ဗျာဒိတ်​တော်​ကို​မြင်​၍ စကား​တော်​ကို ကြား​သနည်း​။ မည်သူ​သည် စကား​တော်​ကို ကြား​၍ အာရုံစိုက်​နားထောင်​သနည်း​။ 19ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ ပြင်းစွာ​သော​မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။ 20ထာဝရဘုရား​သည် အကြံအစည်​တော် မ​ထမြောက်​မ​ချင်း​၊ မ​ပြီးမြောက်​မ​ချင်း အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့ ရှင်းရှင်းလင်းလင်း​နားလည်​ကြ​လိမ့်မည်​။ 21“​ထို​ပရောဖက်​တို့​ကို ငါ​မ​စေလွှတ်​သော်လည်း သူ​တို့​အပြေးအလွှား​သွား​ကြ​ပြီ​။ ငါ​မ​မိန့်မှာ​သော်လည်း သူ​တို့​သဘော​နှင့်​သူ​တို့ ဟောပြော​ကြ​ပြီ​။ 22သို့သော် သူ​တို့​သည် ငါ​၏​အစည်းအဝေး​၌​ရပ်​ခဲ့​မည်​ဆို​လျှင် ငါ့​စကား​ကို ငါ့​လူမျိုး​တော်​တို့​အား ဆင့်ဆို​ကြ​လိမ့်မည်​။ ငါ့​လူမျိုး​တော်​တို့​ကို အကျင့်ဆိုး​၊ စရိုက်ဆိုး​မှ ပြန်လှည့်​လာ​စေ​ခဲ့​ကြ​လိမ့်မည်​။
23ငါ​သည် အနီး​၌​သာ ရှိ​သော​ဘုရား​လော​။ အဝေး​၌​လည်း ရှိ​သော​ဘုရား​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 24“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။
25“ငါ့​နာမ​ဖြင့် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​က ‘​ငါ​အိပ်မက်​ရ​ပြီ​၊ ငါ​အိပ်မက်​ရ​ပြီ​’​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​ပြီ​။ 26မုသား​သည် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စိတ်​ထဲ၌ မည်မျှ​ကြာ​အောင်​ရှိ​နေ​ဦး​မည်နည်း​။ သူ​တို့​သည် သူ​တို့​စိတ်​ထဲ၌​ရှိ​သည့် လှည့်စားမှု​အတိုင်း ပရောဖက်​ပြု​ကြ​၏​။ 27ဘိုးဘေး​တို့​သည် ဗာလ​ကို ကိုးကွယ်​ပြီး ငါ့​နာမ​ကို​မေ့လျော့​သကဲ့သို့ သူ​တို့​က သူ​တို့​အချင်းချင်း​ပြောဆို​သော​အိပ်မက်​များ​အားဖြင့် ငါ့​လူမျိုး​တို့ ငါ့​နာမ​ကို​မေ့လျော့​အောင် ကြံစည်​နေ​ကြ​၏​။ 28အိပ်မက်​နိမိတ်​ရ​သော​ပရောဖက်​သည် သူ့​အိပ်မက်​ကို ဟော​ပါစေ​။ နှုတ်ကပတ်တော်​ကို​ရ​သော​သူ​သည် နှုတ်ကပတ်တော်​ကို သစ္စာရှိ​စွာ​ဟော​ပါစေ​။ အဖျင်း​နှင့်​စပါး မည်သို့​ဆိုင်​သနည်း​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 29“​ငါ့​နှုတ်ထွက်စကား​သည် မီး​ကဲ့သို့​လည်းကောင်း​၊ ကျောက်​ကို​ထုခွဲ​သော​တူ​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 30ထို့ကြောင့် “​ကြည့်ရှု​လော့​။ ငါ့​နှုတ်ထွက်စကား​ကို တစ်ယောက်​ထံမှ​တစ်ယောက် ခိုးယူ​သော​ပရောဖက်​တို့​ကို ငါ​စီရင်​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 31“​ကြည့်ရှု​လော့​။ ကိုယ်​အလိုအလျောက်​ဟောပြော​ပြီးမှ ‘​ထာဝရဘုရား​မိန့်​တော်မူ​၏​’​ဟု ဆို​တတ်​သော​ပရောဖက်​တို့​ကို ငါ​စီရင်​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 32ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ မဟုတ်မမှန်​သော​အိပ်မက်​ကို ပရောဖက်ပြု​ဟောပြော​၍ လိမ်လည်​ကြွားဝါ​ခြင်း​ဖြင့် ငါ​၏​လူမျိုး​တော်​အား လမ်းလွဲ​စေ​သော ပရောဖက်​တို့​ကို ငါ​စီရင်​မည်​။ သူ​တို့​ကို​ငါ​မ​စေလွှတ်​၊ ငါ​မ​မိန့်မှာ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို ဘာမျှ​အကျိုး​မ​ပြု​သော​သူ​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။
ထာဝရဘုရား၏ဗျာဒိတ်တော်
33“​ဤ​လူမျိုး​ထဲမှ တစ်ယောက်ယောက်​ဖြစ်စေ​၊ ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကား အဘယ်သို့နည်း​’​ဟု သင့်​ကို​မေး​လာ​လျှင် ‘​အဘယ်​ဗျာဒိတ်​နည်း​။ သင်​တို့​ကို ငါ​ပစ်ပယ်​ပြီ’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။ 34ထာဝရဘုရား​က “ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ​၊ ဤ​လူမျိုး​ထဲမှ​တစ်ယောက်ယောက်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု ပြောဆို​သော​သူ​ကို သူ​နှင့်အတူ သူ​၏​အိမ်သူအိမ်သား​များ​ကို​ပါ ငါ​ဒဏ်ခတ်​မည်​။ 35‘​ထာဝရဘုရား မည်သို့​ပြန်ပြော​တော်မူ​သနည်း​။ ထာဝရဘုရား မည်သို့​မိန့်မြွက်​တော်မူ​သနည်း​’​ဟူ၍သာ အိမ်နီးချင်း​အချင်းချင်း​၊ ညီအစ်ကို​အချင်းချင်း မေးမြန်း​ရ​မည်​။ 36လူ​တိုင်း ကိုယ့်​စကား​ကို ဗျာဒိတ်စကား​ဖြစ်​သည်​ဟု​ဆို​လျက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သော​၊ အသက်ရှင်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စကား​တော်​ကို ကပြောင်းကပြန်​ဖြစ်​စေ​ကြ​သောကြောင့် ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ဟူ၍ ဘယ်​သောအခါ​မျှ သင်​တို့​မ​ပြော​ရ​။ 37‘​ထာဝရဘုရား​က သင့်​ကို​မည်သို့​ပြန်ပြော​တော်မူ​သနည်း​၊ ထာဝရဘုရား​က သင့်​ကို​မည်သို့​မိန့်မြွက်​တော်မူ​သနည်း​’​ဟူ၍သာ ပရောဖက်​အား သင်​တို့​မေး​ရ​မည်​။ 38‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု မ​ပြောဆို​ရန် ငါ​မိန့်မှာ​ခဲ့​သော်လည်း သင်​တို့​က ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု ပြောဆို​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​က ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု သင်​တို့​ပြောဆို​ကြ​သောကြောင့် 39ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။ 40သင်​တို့​သည် အစဉ်​ကဲ့ရဲ့​ခြင်း​၊ အစဉ်​အရှက်ခွဲ​ခြင်း​ခံရ​မည်​။ ဘယ်​သောအခါ​မျှ မေ့ပျောက်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ