YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 21

21
ဇေဒကိ၏တောင်းဆိုချက် ငြင်းပယ်ခံရခြင်း
1ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။ ထို​အချိန်​တွင် ဇေဒကိ​မင်းကြီး​သည် မာလခိယ​သား ပါရှုရ​နှင့် မာသေယ​သား ယဇ်ပုရောဟိတ်​ဇေဖနိ​တို့​ကို ယေရမိ​ထံသို့ စေလွှတ်​လိုက်​၏​။ 2ထို​သူ​တို့​က “​ငါ​တို့​ကို ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး တိုက်ခိုက်​နေ​ပါ​သည်​။ ထာဝရဘုရား​သည် အံ့ဖွယ်​အမှု​ပြု​လေ့​ရှိ​သည့်​အတိုင်း ငါ​တို့​ထံမှ သူ​ဆုတ်ခွာ​သွား​အောင် ပြု​ကောင်း​ပြု​တော်မူ​မည်​ဖြစ်၍ ငါ​တို့​အတွက် ထာဝရဘုရား​ထံ မေးမြန်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။ 3ထိုအခါ ယေရမိ​က ထို​သူ​တို့​အား “​သင်​တို့​သည် ဇေဒကိ​မင်းကြီး​အား 4အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ မြို့ရိုး​အပြင်ဘက်​၌​ဝိုင်း​ထား​သော ဘေဘီလုံ​ဘုရင်​နှင့် ခါလဒဲ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် သင်​တို့​ကိုင်စွဲ​ထား​သော​လက်နက်​များ​ကို သင်​တို့​ထံ​ပြန်လှည့်​စေ​မည်​။ ထို​လက်နက်​တို့​ကို မြို့​ထဲ၌ ငါ​စုသိမ်း​မည်​။ 5ငါ​ကိုယ်တိုင် အားကြီး​သော​လက်ရုံး​၊ ပြင်းစွာ​သော​အမျက်ဒေါသ​တို့​ဖြင့် လက်​ကို​ဆန့်​၍ သင်​တို့​ကို​တိုက်ခိုက်​မည်​။ 6ဤ​မြို့​၌​နေ​သော လူ​နှင့်​တိရစ္ဆာန်​တို့​ကို ငါ​ဒဏ်ခတ်​သဖြင့် ကပ်ရောဂါ​ဘေး​ကြီး​ဖြင့် သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 7တစ်ဖန် ထာဝရဘုရား​က ‘ကပ်ရောဂါ​ဘေး​၊ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​မှ အသက်ရှင်​ကျန်ရစ်​သော ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ မြို့သူမြို့သား​များ​ကို သူ​တို့​အသက်​ကို​ရန်ရှာ​သော​၊ သူ​တို့​၏​ရန်သူ​ဖြစ်​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​ထဲသို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ ဓား​ဖြင့် ကွပ်မျက်​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု လျှောက်ဆို​ရ​မည်​။
လူမျိုးတို့အား သတိပေးခြင်း
8သင်​သည် ဤ​လူမျိုး​တို့​အား “ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ အသက်ရှင်​ခြင်း​လမ်း​နှင့် သေ​ခြင်း​လမ်း​ကို သင်​တို့​ရှေ့​၌ ငါ​ချထား​၏​။ 9မြို့​တွင်း​၌ နေရစ်​သော​သူ​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​လိမ့်မည်​။ သင်​တို့​ကို​ဝိုင်း​ထား​သော​ခါလဒဲ​တပ်​ထံ ဝင်ရောက်​ခိုလှုံ​သော​သူ​မူကား သူ​၏​အသက်​သည် တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​၍ အသက်ချမ်းသာ​ရာ​ရ​မည်​။ 10အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီး​ရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။
11ယုဒ​ဘုရင်​၏​မင်းမျိုးမင်းနွယ်​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ကြ​လော့​။ 12ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 13“မည်သူ​သည် ငါ​တို့​ရှိ​ရာ​သို့​ဆင်းလာ​နိုင်​သနည်း​။ မည်သူ​သည် ငါ​တို့​၏​ခိုလှုံ​ရာ​အရပ်​သို့​ဝင်​နိုင်​သနည်း”​ဟု ပြောဆို​တတ်​သော “အို ချိုင့်ဝှမ်း​၌​နေ​သော​သူ​၊ အို ကျောက်​ကုန်းရိုး​၌​နေ​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 14ထာဝရဘုရား​က “ငါ​သည် သင်​တို့​လုပ်ဆောင်မှု​အကျိုးအပြစ်​အလျောက် သင်​တို့​ကို ဒဏ်ခတ်​မည်​။ သင်​တို့​တော​ကို​မီး​ရှို့​သဖြင့် သင်​တို့​နေရာ​ပတ်ပတ်လည်​ကို လောင်ကျွမ်း​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ