YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 6

6
မိဒျန်လူမျိုးတို့က အစ္စရေးလူမျိုးတို့ကိုဖိနှိပ်ခြင်း
1တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။ 2မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ကြ​၏​။ မိဒျန်​လူမျိုး​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောင်​များ​တွင်​ရှိ​သော တွင်း​များ​၊ လိုဏ်ဂူ​များ​တွင် ခိုလှုံစရာ​နေရာ​များ ပြုလုပ်​ကြ​ရ​၏​။ 3အစ္စရေး​လူမျိုး​တို့​စိုက်ပျိုး​ပြီး​ကြ​ပြီ​ဆိုလျှင် မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​တို့​သည် ချီတက်​လာ​ပြီး သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ 4တပ်ချ​၍ တိုက်ခိုက်​ကြ​၏​။ ဂါဇ​မြို့​တိုင်အောင် ထို​ပြည်​၏​အသီးအနှံ​တို့​ကို​ဖျက်ဆီး​ပစ်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​၏​စားနပ်ရိက္ခာ​မှစ၍ သိုး​၊ နွား​၊ မြည်း​ပါ​မ​ကျန် ဖျက်ဆီး​ပစ်​ကြ​၏​။ 5သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။ 6အစ္စရေး​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​တို့​ကြောင့် အလွန်​ဆင်းရဲဒုက္ခ​ရောက်​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ကြ​ပြန်​၏​။
7မိဒျန်​လူမျိုး​တို့​ကြောင့် အစ္စရေး​လူမျိုး​တို့ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​သောအခါ 8ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့ ပရောဖက်​တစ်​ပါး​ကို​စေလွှတ်​တော်မူ​၏​။ ထို​ပရောဖက်​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ကျွန်ခံရာ​အိမ်​မှ ခေါ်ထုတ်​ခဲ့​၏​။ 9ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။ 10သင်​တို့​ကို​လည်း ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​နေထိုင်​သော​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ကြောက်​ရ​ဟု ငါ​မိန့်ဆို​ခဲ့​သော်လည်း သင်​တို့​သည် ငါ​၏​စကား​ကို​နား​မ​ထောင်​ကြ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။
ဂိဒေါင်ကို ထာဝရဘုရားခေါ်တော်မူခြင်း
11ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။ 12ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။
13ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။
14ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။
15ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။
16ထာဝရဘုရား​က​လည်း သူ့​အား “​အကယ်စင်စစ် သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင်​သည် မိဒျန်​လူမျိုး​တို့​ကို လူ​တစ်ယောက်တည်း​ကဲ့သို့ လုပ်ကြံ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
17သူ​က​လည်း “​အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နှင့်​စကားပြော​တော်မူ​သော​သူ​သည် ကိုယ်တော်​ဖြစ်ကြောင်း အမှတ်လက္ခဏာ​ပြ​တော်မူ​ပါ​။ 18ကိုယ်တော့်​ထံသို့ အကျွန်ုပ်​ပြန်လာ​၍ ဘောဇဉ်ပူဇော်သက္ကာ​ကို ကိုယ်တော်​အား လာ​ပြီး​မ​ဆက်သ​မ​ချင်း ဤ​နေရာ​မှ ထွက်​မ​သွား​ပါ​နှင့်​”​ဟု လျှောက်ဆို​လျှင် “သင်​ပြန်လာ​သည်​အထိ စောင့်​နေ​မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏​။
19ဂိဒေါင်​လည်း သွား​၍ ဆိတ်သငယ်​တစ်​ကောင်​နှင့် မုန့်ညက်​တစ်​ဧဖာ#6:19 “22 လီတာ”။​ဖြင့်​လုပ်​သော တဆေးမဲ့မုန့်​ကို ပြင်ဆင်​၏​။ အသား​ကို တောင်း​ထဲ​ထည့်​၍ အသားပြုတ်ရည်​ကို အိုး​ထဲ​ထည့်​ကာ သပိတ်ပင်​အောက်​ရှိ ကိုယ်တော့်​ထံ ယူလာ​၍ ဆက်သ​၏​။
20ဘုရားသခင်​၏​ကောင်းကင်တမန်​က သူ့​အား “​အသား​နှင့် တဆေးမဲ့မုန့်​ကို ယူ​၍ ဤ​ကျောက်​ပေါ်​တင်​ထား​လော့​။ အသားပြုတ်ရည်​ကို​မူ သွန်းလောင်း​လော့​”​ဟု ဆို​လျှင် သူ​လည်း ထို​အတိုင်း​ပြု​၏​။
21ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် လက်​ထဲရှိ တောင်ဝှေး​ကို ဆန့်​၍ အသား​နှင့်​တဆေးမဲ့မုန့်​ကို တို့​သောအခါ ထို​ကျောက်​မှ မီးတောက်​ထွက်​၍ အသား​နှင့် တဆေးမဲ့မုန့်​ကို လောင်ကျွမ်း​သွား​၏​။ ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂိဒေါင်​ရှေ့​မှ ပျောက်သွား​၏​။
22ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း​ကို ဂိဒေါင် သိမြင်​သောအခါ “​အလို အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မျက်နှာချင်းဆိုင် တွေ့​ပါ​သည်​တကား​”​ဟု ဂိဒေါင်​ဆို​လေ​၏​။ 23ထာဝရဘုရား​က​လည်း သူ့​အား “​စိတ်အေးအေး​ထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​မ​သေ​ရ​”​ဟု မိန့်​တော်မူ​၏​။ 24ဂိဒေါင်​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ “​ငြိမ်သက်​ခြင်း​အရှင် ထာဝရဘုရား​”​ဟု မှည့်ခေါ်​လေ​၏​။ ထို​ယဇ်ပလ္လင်​သည် အဗျေဇာ​အမျိုးသား​တို့​နေထိုင်​ရာ ဩဖရ​မြို့​တွင် ယနေ့​တိုင်အောင် ရှိ​၏​။
ဗာလယဇ်ပလ္လင်ကို ဂိဒေါင်ဖြိုဖျက်ခြင်း
25ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​သင့်​ဖခင်​၏​နွားအုပ်​ထဲမှ နွားထီးပျို​တစ်ကောင်​နှင့် နောက်ထပ် ခုနစ်​နှစ်​သား​အရွယ်​နွားထီးပျို​တစ်​ကောင်​ကို​ယူ​လော့​။ သင့်​ဖခင်​တည်​သော​ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​လော့​။ ထို​အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို ခုတ်လှဲ​ပစ်​လော့​။ 26ဤ​ကျောက်​ပေါ်​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​စနစ်တကျ​တည်​လော့​။ သင်​ခုတ်လှဲ​ခဲ့​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သစ်သား​ဖြင့် ဒုတိယ​နွားထီးပျို​ကို မီးရှို့​ပူဇော်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 27ဂိဒေါင်​လည်း မိမိ​၏​အစေအပါး​ဆယ်​ယောက်​ကို​ခေါ်​၍ ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း​ပြု​လေ​၏​။ သူ​သည် ဖခင်​၏​အိမ်သား​များ​၊ မြို့သား​များ​ကို​ကြောက်​သောကြောင့် နေ့​အချိန်​၌ မ​ပြု​ဘဲ ညအချိန်​၌ ပြု​လေ​၏​။
28နံနက်​စောစော မြို့သား​တို့ ထ​သောအခါ ဗာလ​ယဇ်ပလ္လင်​သည် ဖြိုဖျက်​ခံရ​လျက်​၊ အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သည် ခုတ်လှဲ​ခံရ​လျက်​၊ အသစ်​တည်​ထား​သော​ယဇ်ပလ္လင်​ပေါ်၌ ဒုတိယ​နွားထီးပျို ပူဇော်​ထား​လျက်​ရှိ​သည်​ကို တွေ့မြင်​ကြ​လျှင် 29“​ဤ​အမှု​ကို မည်သူ​ပြု​သနည်း​”​ဟု တစ်ယောက်​ကို​တစ်ယောက်​မေးမြန်း​ကြ​၏​။ လိုက်လံ​စုံစမ်း​သောအခါ လူ​တို့​က “ဤ​အမှု​ကို ယောရှ​၏​သား ဂိဒေါင်​ပြု​သည်”​ဟု ဆို​ကြ​၏​။
30ထိုအခါ မြို့သား​တို့​က ယောရှ​အား “​သင်​၏​သား​ကို ထုတ်ပေး​လော့​။ ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​ပြီး အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​ခုတ်လှဲ​သောကြောင့် သူ​အသတ်​ခံရ​မည်​”​ဟု ဆို​ကြ​၏​။
31ယောရှ​က မိမိ​ကို ရန်ရှာ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​သည် ဗာလ​ဘုရား​ဘက်​မှ ရပ်တည်​မည်လော​။ သူ့​ကို ကယ်တင်​မည်လော​။ သူ့​ဘက်​၌ ရပ်တည်​သော​သူ​မည်သူမဆို နေမထွက်မီ အသတ်​ခံရ​မည်​။ သူ​သည် ဘုရား​မှန်လျှင် သူ​၏​ယဇ်ပလ္လင် ဖြိုဖျက်​ခံရ​သောကြောင့် သူ​ကိုယ်တိုင် ဖြေရှင်း​ပါစေ​”​ဟု ဆို​လေ​၏​။ 32ယောရှ​က “​ဂိဒေါင်​သည် ဗာလ​ယဇ်ပလ္လင်​ကို ဖြိုဖျက်​သောကြောင့် သူ့​ကို ဗာလ ဆုံးမ​ပါစေ​”​ဟု ဆို​လျက် ထို​နေ့​၌ ဂိဒေါင်​ကို ယေရုဗ္ဗာလ ဟု​ခေါ်တွင်​လေ​၏​။
သိုးမွေး၏နိမိတ်လက္ခဏာ
33မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့ ပူးပေါင်း​ကြ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယေဇရေလ​ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​ကြ​၏​။
34ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။ 35သူ​သည် မနာရှေ​အမျိုး တစ်မျိုးလုံး​ထံသို့ တမန်​တို့​ကို စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ့​နောက်သို့ လိုက်​ရန် သူ​တို့​ရောက်လာ​ကြ​၏​။ အာရှာ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး​တို့​ထံသို့​လည်း တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ​တို့​လည်း ရောက်လာ​ကြ​၏​။
36ဂိဒေါင်​က​လည်း ဘုရားသခင်​အား “​ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့်​ကယ်တင်​တော်မူ​မည်​မှန်​လျှင် 37အကျွန်ုပ်​သည် သိုးမွေး​ကို ကောက်နယ်တလင်း​၌​ထား​မည်​။ မြေ​တစ်ပြင်လုံး​ခြောက်သွေ့​၍ သိုးမွေး​သာ နှင်းစို​မည်​ဆိုလျှင် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့် ကယ်တင်​တော်မူ​မည်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​၏​။ 38သူ​လျှောက်​သည့်​အတိုင်း ဖြစ်လာ​၏​။ သူ​သည် နောက်တစ်နေ့​နံနက်​စောစောထ​၍ သိုးမွေး​ကို ညှစ်​သောအခါ ရေ​တစ်​ဖလား​အပြည့်​ရ​၏​။
39တစ်ဖန် ဂိဒေါင်​က ဘုရားသခင်​အား “​အကျွန်ုပ်​ကို အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ နောက်​တစ်ကြိမ် သိုးမွေး​ဖြင့် စမ်းသပ်​ခွင့်​ပြု​တော်မူ​ပါ​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​ကို​သာ ခြောက်သွေ့​စေ​တော်မူ​ပါ​”​ဟု လျှောက်​၏​။ 40ထို​ည​၌​လည်း ဘုရားသခင်​သည် သူ​လျှောက်​သည့်​အတိုင်း​ပြု​လေ​၏​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​သာ ခြောက်သွေ့​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။