တရားသူကြီးမှတ်စာ 5
5
ဒေဗောရသီဆိုသောသီချင်း
1ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏သားဗာရက်တို့က 2“အစ္စရေးလူမျိုးတွင် ခေါင်းဆောင်တို့ ဦးဆောင်၍ လူတို့သည်လည်း အသက်စွန့်ပြီး တိုက်ပွဲဝင်ကြသည်ဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ 3အို ရှင်ဘုရင်တို့၊ နားထောင်ကြလော့။ အို အုပ်ချုပ်သူတို့၊ အာရုံစိုက်ကြလော့။ ငါသည် ထာဝရဘုရားထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုမည်၊ ငါသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို သီဆိုချီးမွမ်းမည်။ 4အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။ 5တောင်များသည် ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ကြပါ၏။ သိနာတောင်ပင်လျှင် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ရပါ၏။ 6အာနတ်၏သား ရှံဂါလက်ထက်၊ ယေလလက်ထက်တို့၌ လမ်းမတို့သည် ဆိတ်ညံလေပြီ။ သွားလာသောသူတို့သည် လမ်းကြိုလမ်းကြားတို့၌သာ သွားလာကြရပြီ။
7ငါဒေဗောရမပေါ်ထွန်းမီ၊ အစ္စရေးလူမျိုး၏မိခင် ငါဒေဗောရမပေါ်ထွန်းမီ အစ္စရေးကျေးလက်တောရွာတို့သည် ဆိတ်ညံလျက်ရှိ၏။ 8သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။ 9ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။ 10သားရေကုန်းနှီး#5:10 သို့မဟုတ် “ကော်ဇော”။ပေါ်ထိုင်၍ မြည်းဖြူကိုစီးသောသူတို့နှင့် လမ်း၌သွားလာသောသူတို့၊ စဉ်းစားဆင်ခြင်ကြလော့။ 11ရေတွင်းနားတွင် သီချင်းဆိုသူ#5:11 သို့မဟုတ် “လေးသမားတို့၏အသံ” သို့မဟုတ် “လက်ရဥစ္စာခွဲဝေသူတို့၏အသံ”။တို့က ထာဝရဘုရားသည်ဖြောင့်မတ်သောအမှုကို ပြုတော်မူကြောင်း၊ အစ္စရေးတောသူတောင်သားတို့အား ဖြောင့်မတ်စွာပြုတော်မူကြောင်းကို သီဆိုကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့တံခါးသို့ ပြန်လာကြလိမ့်မည်။ 12အို ဒေဗောရ၊ နိုးလော့၊ နိုးလော့။ နိုးထပြီး သီချင်းဆိုလော့။ အို အဘိနောင်၏သားဗာရက်၊ ထလော့။ သုံ့ပန်းများကို ထုတ်ဆောင်သွားလော့။ 13ကြွင်းကျန်သောသူတို့သည် ခေါင်းဆောင်တို့ထံသို့ ဆင်းလာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် သူရဲကောင်းများနှင့်အတူ ငါ့ထံသို့ ဆင်းလာကြ၏။ 14အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။ 15ဣသခါအကြီးအကဲတို့သည် ဒေဗောရနှင့်အတူလိုက်ကြပြီ။ ထိုနည်းတူ ဣသခါအမျိုးသည် ဗာရက်နောက်မှလိုက်၍ လွင်ပြင်သို့ တစ်ဟုန်ထိုးချီသွားကြပြီ။ ရုဗင်အမျိုးတွင်မူကား အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။ 16သိုးခြံထဲမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ သိုးထိန်းတို့၏ပလွေသံကို နားထောင်လိုသောကြောင့်လော။ ရုဗင်အမျိုးထဲတွင် အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။ 17ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။ 18ဇာဗုလုန်လူမျိုးကား မိမိတို့အသက်နှင့်ရင်းပြီးစွန့်စားခဲ့ပြီ။ နဿလိလူမျိုးလည်း မြင့်သောအရပ်၌ ထိုနည်းတူ ပြုခဲ့ကြပြီ။
19ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။ 20ကြယ်တို့သည် ကောင်းကင်မှစစ်တိုက်ကြပြီ။ မိမိတို့ပတ်လမ်းမှ သိသရကိုစစ်တိုက်ကြပြီ။ 21ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။ 22စစ်မြင်းတို့သည် ကဆုန်ပေါက် ပြေးနေကြပြီ။ မြင်းခွာသံများလည်း ပွက်လောရိုက်လေပြီ။ 23ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
24ကေနိလူမျိုး၊ ဟေဗာ၏မယား ယေလသည် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။ တဲ၌နေသောမိန်းမတို့တွင် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။ 25သိသရသည် ရေကိုတောင်းသောအခါ နွားနို့ကိုပေး၏။ တော်ဝင်ခွက်ဖြင့် နို့ဓမ်းကို ယူလာပေး၏။ 26သူ့လက်ဖြင့်တဲငုတ်တိုင်ကို ယူ၏။ လက်ယာလက်၌ကိုင်ထားသော လက်သမားတူဖြင့် သိသရခေါင်းကို ထုရိုက်၏။ နားထင်ကို ထိုးဖောက်၏။ 27သိသရသည် ယေလခြေရင်း၌ မလှုပ်မယှက်လဲလျောင်းနေ၏။ လဲလျောင်းသောနေရာ၌ပင် သေဆုံးလေ၏။ 28သိသရ၏မိခင်သည် ရာဇမတ်ကွက်ပြတင်းပေါက်မှမျှော်ကြည့်၍ ‘ငါ့သား၏စစ်ရထားသည် အဘယ်ကြောင့် မပြန်လာသေးဘဲ ကြန့်ကြာနေရသနည်း။ ရထားဘီးသည် အဘယ်ကြောင့် နှေးနေရသနည်း’ဟု ငိုကြွေးမြည်တမ်းလေ၏။ 29ဉာဏ်ပညာရှိသောနန်းတွင်းသူတို့က သူ့အားပြန်လျှောက်သကဲ့သို့ သူကိုယ်တိုင်လည်း ဤသို့ တွေးမိ၏။ 30‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။
31အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။
ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
လက်ရှိရွေးချယ်ထားမှု
တရားသူကြီးမှတ်စာ 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative