YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 7

7
ဂိဒေါင်အတွက်စစ်သည်ကို ဘုရားသခင်ရွေးချယ်ခြင်း
1ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် မိမိ​လူ​အားလုံး​နှင့်တကွ နံနက်စောစော စစ်ချီ​သွား​၍ ဟာရုတ်​စမ်းရေတွင်း​နား​၌ စခန်းချ​လေ​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​၏​မြောက်ဘက်​၊ မောရေ​တောင်ကုန်း​အနီး ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​၏​။ 2ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။ 3ထို့ကြောင့် ‘​ကြောက်​တတ်​သော​သူ​၊ သတ္တိမရှိ​သော​သူ မည်သူမဆို ဂိလဒ်​တောင်​မှ လှည့်ပြန်​သွား​ကြ​’​ဟူ၍ လူ​အများ​ကြားသိ​အောင် ကြေညာ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ ကြေညာ​ပြီး​သောအခါ လူ​အယောက်​နှစ်သောင်းနှစ်ထောင် ပြန်သွား​သဖြင့် လူ​အယောက်​တစ်သောင်း​သာ ကျန်ရစ်​၏​။
4တစ်ဖန် ထာဝရဘုရား​က ဂိဒေါင်​အား “​လူ များ​သေး​၏​။ သူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​လော့​။ ငါ​သည် ထို​နေရာ​၌ သူ​တို့​ကို ရွေးထုတ်​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​”​ဟု မိန့်​တော်မူ​၏​။ 5ဂိဒေါင်​က​လည်း လူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​သောအခါ ထာဝရဘုရား​က သူ့​အား “​ခွေး​ကဲ့သို့ ရေ​ကို​လျှာ​ဖြင့် လျက်​သော​သူ​နှင့် ဒူးထောက်​ပြီး​သောက်​သော​သူ​တို့​ကို သီးခြား​ခွဲထား​လော့​”​ဟု မိန့်​တော်မူ​၏​။ 6ရေ​ကို လက်ခုပ်​နှင့် ခပ်​၍​လျက်သောက်​သော​သူ အယောက်​သုံး​ရာ ရှိ​၏​။ ကျန်​လူ​တို့​မှာ ဒူးထောက်​၍ ရေ​ကို​သောက်​သော​သူ​များ ဖြစ်​၏​။ 7ထာဝရဘုရား​က​လည်း ဂိဒေါင်​အား “​ရေ​ကို လျက်သောက်​သော​သူ​အယောက်​သုံး​ရာ​ဖြင့် သင်​တို့​ကို ငါ​ကယ်တင်​မည်​။ မိဒျန်​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ ကျန်​လူ​တို့​ကို မိမိ​နေရပ်​သို့ အသီးသီး​ပြန်သွား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ 8ထို​သူ​တို့​သည် စားနပ်ရိက္ခာ​နှင့် တံပိုး​တို့​ကို​ယူ​ကြ​၏​။ ဂိဒေါင်​သည် လူ​အယောက်​သုံး​ရာ​တို့​ကို ချန်ထား​၍ ကျန်​သော​အစ္စရေး​အမျိုးသား​တို့​ကို ကိုယ့်​တဲ​သို့​ပြန်လွှတ်​လိုက်​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​နေရာ​အောက်​ဘက်​ချိုင့်ဝှမ်းလွင်ပြင်​တွင် စခန်းချ​လျက်​ရှိ​၏​။
မိဒျန်တပ်စခန်းကို ဂိဒေါင်စုံစမ်းထောက်လှမ်းခြင်း
9ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​ထ​လော့​၊ မိဒျန်​တပ်စခန်း​သို့ ဆင်းသွား​လော့​။ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။ 10သင်​သည် ဆင်းသွား​ရန်​ကြောက်​နေ​လျှင် ထို​တပ်စခန်း​သို့ သင်​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​လော့​။ 11သူ​တို့​ပြောဆို​သော​စကား​ကို​ကြား​သောအခါ သင်​သည် အားရှိ​သွား​လိမ့်မည်​။ ထို​တပ်စခန်း​ကို တိုက်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ သူ​သည် သူ​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​၍ တပ်စခန်း​အစွန်​နား​သို့ ရောက်​၏​။ 12ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။ 13ဂိဒေါင်​ရောက်​သောအခါ လူ​တစ်​ယောက်​က သူ့​အဖော်​ကို အိပ်မက်​အကြောင်း​ပြောပြ​နေ​သည်​ကို ကြား​ရ​၏​။ ထို​သူ​က “​မုယော​မုန့်လုံး​တစ်​လုံး​သည် မိဒျန်​တပ်စခန်း​ထဲသို့​လှိမ့်လာ​၍ တဲ​ကို​ဝင်တိုက်​သဖြင့် တဲ​သည် စောက်ထိုးမိုးမျှော်​ဖြစ်၍ ပြိုလဲ​သွား​သည်​ဟူ၍ ငါ​အိပ်မက်​မက်​သည်​”​ဟု ဆို​၏​။
14ထို​သူ​၏​အဖော်​က “​ထို​မုန့်လုံး​ကား အခြား​မ​ဟုတ်​။ အစ္စရေး​အမျိုးသား ယောရှ​၏​သား​ဖြစ်​သော ဂိဒေါင်​၏​ဓား​ပေတည်း​။ ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​နှင့် ဤ​တပ်စခန်း​တစ်ခုလုံး​ကို သူ​၏​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။
မိဒျန်လူမျိုးတို့ကို ဂိဒေါင်တိုက်ခိုက်ခြင်း
15ဂိဒေါင်​သည် ထို​အိပ်မက်​နှင့် အိပ်မက်​အနက်​ကို​ကြား​သောအခါ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​၏​။ ထို့နောက် အစ္စရေး​တပ်စခန်း​သို့​ပြန်လာ​၍ “​ထ​ကြ​။ ထာဝရဘုရား​သည် မိဒျန်​တပ်စခန်း​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ 16ဂိဒေါင်​သည် လူ​သုံး​ရာ​ကို​သုံး​ဖွဲ့​ခွဲ​၍ သူ​တို့​အားလုံး​၏​လက်​၌ တံပိုး​နှင့် မြေအိုး​ကို ကိုင်ဆောင်​စေ​ပြီးလျှင် ထို​အိုး​ထဲ၌ မီးတုတ်​ကို ထည့်​စေ​၏​။
17ထို့နောက် သူ​က “​ငါ့​ကို​ကြည့်​၍ ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လော့​။ တပ်စခန်း​အစွန်​နား​သို့​ရောက်​သောအခါ ငါ​ပြု​သည့်​အတိုင်း​ပြု​ကြ​လော့​။ 18ငါ​နှင့် ငါ့​အဖွဲ့သား​အားလုံး တံပိုး​မှုတ်​သောအခါ တပ်စခန်း​ပတ်ပတ်လည်​ကို ဝိုင်း​ထား​သော သင်​တို့​သည်​လည်း တံပိုး​မှုတ်​၍ ‘​ထာဝရဘုရား​နှင့်​ဂိဒေါင်​၏​ဓား​’​ဟူ၍ ကြွေးကြော်​လော့​”​ဟု မှာထား​လေ​၏​။
19ကင်းစောင့်​လဲ​ပြီး​စ သန်းခေါင်ယံအချိန်​၌ ဂိဒေါင်​နှင့် သူ့​လူ​တစ်ရာ​တို့​သည် ထို​တပ်စခန်း​အစွန်နား​သို့​ရောက်လာ​ပြီး တံပိုး​ကို မှုတ်​၍ လက်​ထဲ​ရှိ​ရေအိုး​ကို​ရိုက်ခွဲ​ကြ​၏​။ 20သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး 21တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။ 22လူ​သုံး​ရာ​တို့ တံပိုး​မှုတ်​သောအခါ ထာဝရဘုရား​သည် တပ်စခန်း​တစ်လျှောက်လုံး​ရှိ စစ်သည်​အချင်းချင်း​ဓား​ဖြင့်​တိုက်ခိုက်​စေ​တော်မူ​၏​။ စစ်သည်​တို့​သည် ဇေရရတ်​အရပ်​၊ ဗက်ရှိတ္တ​မြို့​မှ တဗွတ်​မြို့​အနီး အာဗေလမဟောလ​မြို့​နား​တိုင်အောင် ထွက်ပြေး​ကြ​၏​။ 23နဿလိ​နယ်​၊ အာရှာ​နယ်​နှင့် မနာရှေ​နယ်​တစ်လျှောက်လုံး​မှ အစ္စရေး​အမျိုးသား​တို့ စုစည်း​ကြ​ပြီး မိဒျန်​လူမျိုး​တို့​ကို လိုက်​ကြ​၏​။
တိုက်ပွဲတွင် ဧဖရိမ်အမျိုးသားတို့ပူးပေါင်းခြင်း
24ဂိဒေါင်​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး​သို့ တမန်​တို့​ကို​စေလွှတ်​၍ “​ဆင်းလာ​ပြီး မိဒျန်​လူမျိုး​တို့​ကို တိုက်​ကြ​လော့​။ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​လော့​”​ဟု မှာလိုက်​လေ​၏​။ သို့ဖြစ်၍ ဧဖရိမ်​အမျိုးသား​တို့​သည်​စုရုံး​၍ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​ကြ​၏​။ 25သူ​တို့​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​နှစ်​ဦး​ဖြစ်​သည့် ဩရဘ​နှင့်​ဇေဘ​ကို​ဖမ်းဆီး​ကြ​၏​။ ဩရဘ​ကို ဩရဘ​ကျောက်ဆောင်​၌ သတ်​၍ ဇေဘ​ကို ဇေဘ​စပျစ်သီးနယ်ရာကျင်း​၌ သတ်​ပြီးလျှင် မိဒျန်​လူမျိုး​တို့​နောက်​သို့​လိုက်​ကြ​၏​။ ဩရဘ​နှင့် ဇေဘ​တို့​၏​ဦးခေါင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ဂိဒေါင်​ထံသို့​ယူဆောင်​လာ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။