YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 19

19
ဗင်္ယာမိန်အမျိုးသားတို့ဆိုးညစ်မှု
1အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​သေး​သော​ကာလ​တွင် ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​၌ တည်းခိုနေထိုင်​သော လေဝိ​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် ယုဒ​နယ်​၊ ဗက်လင်​မြို့သူ​တစ်​ယောက်​ကို မယားငယ်​အဖြစ်​ယူ​ထား​၏​။ 2မယားငယ်​သည် ဖောက်ပြန်မှားယွင်း​ပြီး ယုဒ​ပြည်​၊ ဗက်လင်​မြို့​ရှိ သူ့​ဖခင်​အိမ်​သို့ ပြန်သွား​သည်​မှာ လေး​လ​ကြာ​လေ​၏​။ 3သူ့​ခင်ပွန်း​က​လည်း သူ့​ကို​ချော့မော့​ပြီး ပြန်ခေါ်​လာ​ရန် မိမိ​ငယ်သား​နှင့်အတူ မြည်း​နှစ်​ကောင်​နှင့် ခရီးထွက်​လာ​ခဲ့​၏​။ မယားငယ်​သည် ခင်ပွန်းသည်​ကို ဖခင်​အိမ်​သို့​ခေါ်သွား​၍ ဖခင်​က​မြင်​သောအခါ ဝမ်းသာအားရ​ကြိုဆို​၏​။ 4မယားငယ်​၏​ဖခင်​၊ သူ့​ယောက္ခမ​က သူ့​ကို​ဆွဲ​ထား​သဖြင့် သူ​သည် ယောက္ခမ​အိမ်​တွင် သုံး​ရက်​နေ​၍ စား​သောက်​နေထိုင်​လေ​၏​။
5လေး​ရက်​မြောက်​သော​နေ့​တွင် သူ​တို့​သည် နံနက်​စောစောထ​၍​ပြန်သွား​ရန် ပြင်ဆင်​၏​။ သို့သော် မယားငယ်​၏​ဖခင်​က “​အားရှိ​အောင် နည်းနည်း​စားသောက်​ပြီးမှ သွား​ပါ​”​ဟု သမက်​အား ဆို​သဖြင့် 6သူ​တို့​နှစ်​ယောက်​သည် ထိုင်​၍ အတူတကွ​စား​သောက်​ကြ​၏​။ ထို့နောက် မယားငယ်​၏​ဖခင်​က “​တစ်ညလောက်​တော့​အိပ်​ပါ​ဦး​။ စိတ်အပန်းဖြေ​ပါ​ဦး​”​ဟု ဆို​ပြန်​၏​။ 7သူ​သည် ခရီးသွား​ရန်​ပြင်ဆင်​သောအခါ ယောက္ခမ​က တောင်းဆို​သဖြင့် တစ်ည​အိပ်​ရ​ပြန်​၏​။ 8ငါး​ရက်​မြောက်​သော​နေ့​တွင် သူ​သည် နံနက်​စောစောထ​၍ ပြန်သွား​ရန်​ပြင်ဆင်​သောအခါ မယားငယ်​၏​ဖခင်​က “​စား​ပြီးမှ​သွား​ပါ​”​ဟု ဆို​ပြန်​သဖြင့် သူ​တို့​နှစ်​ဦး မွန်းလွဲ​အထိ စားသောက်​လျက်​နေ​ပြန်​၏​။ 9တစ်ဖန် ထို​သူ​သည် မိမိ​မယားငယ်​နှင့်တကွ ငယ်သား​ပါ​လျက် ပြန်သွား​မည်​ပြု​သောအခါ ယောက္ခမ​က “​ယခု ညနေစောင်း​ပြီ​၊ မိုးချုပ်​တော့​မည်​။ ယခု​ည​လည်း အိပ်​ပါ​ဦး​။ အေးအေးဆေးဆေး​နား​ပါ​ဦး​။ မနက်​ရောက်​မှ စောစောထ​၍ သင့်​အိမ်​သို့ ပြန်​ပါ​”​ဟု ဆို​၏​။
10သို့သော် ထို​သူ​သည် နောက်တစ်ည​မ​နေ​လို​တော့​သဖြင့် မြည်း​နှစ်​ကောင်​ကို ကုန်းနှီးတင်​ပြီးလျှင် မယားငယ်​နှင့်တကွ ထွက်လာ​ခဲ့​ရာ ဂျေရုဆလင် ခေါ် ယေဗုတ်​မြို့​သို့ ဦးတည်​၍ ခရီး​ထွက်လာ​ခဲ့​၏​။ 11သူ​တို့​သည် ယေဗုတ်​မြို့​အနီး​သို့​ရောက်​သောအခါ မိုးချုပ်​လုနီး​ပြီ​ဖြစ်၍ ငယ်သား​က “​လာ​ပါ​။ ယေဗုသိ​လူမျိုး​တို့​၏​မြို့​ထဲသို့​ဝင်​၍ ညအိပ်နား​ကြ​စို့​”​ဟု သူ့​သခင်​အား ဆို​၏​။
12သူ့​သခင်​က “​ငါ​တို့​သည် အစ္စရေး​အမျိုးသား​မ​ဟုတ်​သော​တစ်ပါးအမျိုးသား​တို့​၏​မြို့​ထဲသို့​မ​ဝင်​ပါ​။ ဂိဗာ​မြို့​သို့ ဆက်သွား​မည်​။ 13လာ​ပါ​။ ဂိဗာ​မြို့​သို့​ဖြစ်စေ​၊ ရာမ​မြို့​သို့​ဖြစ်စေ တစ်​မြို့​မြို့​သို့ အရောက်​သွား​၍ ညအိပ်နား​မည်​”​ဟု ပြန်ပြော​၏​။ 14ဤသို့ဖြင့် သူ​တို့​ခရီးဆက်​လာ​ကြ​ရာ ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့​အနီး​သို့​ရောက်​သောအခါ နေဝင်​လေ​၏​။ 15သူ​တို့​သည် ခရီး​မ​ဆက်​တော့​ဘဲ ညအိပ်နား​ရန် ဂိဗာ​မြို့​သို့ ဝင်သွား​၍ မြို့​အလယ်​လမ်းဆုံလမ်းခွ​တွင် ထိုင်​နေ​ကြ​၏​။ သို့သော် မည်သူမျှ သူ​တို့​ကို ညအိပ်နား​ရန် မ​ခေါ်​ကြ​။ 16ကြည့်ရှု​လော့​။ နေဝင်ချိန်​တွင် အဖိုးအို​တစ်​ဦး​သည် လယ်​လုပ်​ရာ​မှ​ပြန်လာ​၏​။ သူ​သည် ဧဖရိမ်​တောင်ပေါ်သား​ဖြစ်၍ ဂိဗာ​မြို့​တွင် တည်းခိုနေထိုင်​ခြင်း​ဖြစ်​၏​။ ဂိဗာ​မြို့သား​တို့​မှာ ဗင်္ယာမိန်​အမျိုးသား​များ ဖြစ်​ကြ​၏​။ 17ထို​အဖိုးအို​သည် လှမ်းကြည့်​၍ မြို့​အလယ်​လမ်းဆုံလမ်းခွ​၌ ခရီးသွား​ဧည့်သည်​ကို​မြင်​လျှင် အဖိုးအို​က “​မည်သည့်​အရပ်​က​လာ​၍ မည်သည့်​အရပ်​သို့ သွား​မည်နည်း​”​ဟု မေး​လေ​၏​။
18လေဝိ​သား​က​လည်း “​အကျွန်ုပ်​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​၌ နေထိုင်​သူ​ဖြစ်​ပါ​သည်​။ အကျွန်ုပ်​တို့​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​သို့​သွား​ပြီး ယခုမှာ ယုဒ​ပြည်​ဗက်လင်​မြို့​မှ​ပြန်လာ​၍ ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​မည်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို မည်သူမျှ အိမ်​သို့ မ​ဖိတ်ခေါ်​ကြ​ပါ​။ 19အကျွန်ုပ်​တို့ မြည်း​များ​အတွက် ကောက်ရိုး​အပြင် အခြား​တိရစ္ဆာန်​အစာ​များ​လည်း​ရှိ​ပါ​၏​။ အကျွန်ုပ်​နှင့် အကျွန်ုပ်​မယား​၊ အကျွန်ုပ်​ငယ်သား​တို့​အတွက် မုန့်​နှင့် စပျစ်ဝိုင် ရှိ​ပါ​၏​။ ဘာမျှ​မ​လိုအပ်​ပါ​”​ဟု ပြန်ဖြေ​၏​။
20အဖိုးအို​က​လည်း “​အကျွန်ုပ်​ဖိတ်ခေါ်​ပါ​သည်​။ သင်​လိုအပ်​သည်​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည်​။ လမ်းဆုံလမ်းခွ​တွင် မ​အိပ်​ပါ​နှင့်​”​ဟု ဆို​၏​။ 21ဤသို့ဖြင့် အဖိုးအို​သည် သူ့​ကို အိမ်​သို့​ခေါ်သွား​၍ မြည်း​တို့​ကို အစာကျွေး​၏​။ သူ​တို့​သည်​လည်း ခြေ​ဆေး​၍ စား​သောက်​ကြ​၏​။ 22ထိုသို့ ကောင်းမွန်​စွာ​စားသောက်​နေ​ကြ​စဉ် ဆိုးညစ်​သော​မြို့သား​တို့​သည် အိမ်​ကို​ဝိုင်း​ထား​၍ တံခါး​ထုရိုက်​လျက် “​သင့်​အိမ်​သို့​ရောက်လာ​သော​ယောက်ျား​နှင့် ဆက်ဆံ​လို​၍ သူ့​ကို​ထုတ်ပေး​ပါ​”​ဟု အိမ်ရှင်​အဖိုးအို​အား ဆို​၏​။
23အိမ်ရှင်​အဖိုးအို​က​လည်း သူ​တို့​ရှိ​ရာ​အိမ်ပြင်​သို့ ထွက်လာ​၍ “​ညီအစ်ကို​တို့​၊ ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။ သူ​သည် အကျွန်ုပ်​အိမ်​သို့ ရောက်လာ​သော​ဧည့်သည် ဖြစ်​ပါ​၏​။ ဤ​ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။ 24အကျွန်ုပ်​၌ သမီး​အပျိုကညာ ရှိ​ပါ​၏​။ ထို​သူ​တွင်​လည်း မယားငယ် ရှိ​ပါ​၏​။ သူ​တို့​ကို​ထုတ်ပေး​ပါ​မည်​။ သင်​တို့​အလိုရှိ​သည်​အတိုင်း ပြုကျင့်​ပါ​။ ဤ​သူ​ကို​မူကား ယုတ်ညံ့​သော​အမှု​မ​ပြု​ပါ​နှင့်​”​ဟု ဆို​၏​။
25သို့သော် သူ​တို့​သည် အဖိုးအို​၏​စကား​ကို နား​မ​ထောင်​သောကြောင့် လေဝိသား​က မိမိ​မယားငယ်​ကို ယူ​၍ ထို​သူ​တို့​ရှိ​ရာ​အိမ်​ပြင်ဘက်​သို့ ထုတ်ပေး​လိုက်​၏​။ သူ​တို့​သည် နံနက်​တိုင်အောင် တစ်ညလုံး ထို​မိန်းမ​ကို အဓမ္မပြုကျင့်​ပြီး အရုဏ်တက်​ချိန်​ရောက်​မှ ပြန်လွှတ်​လိုက်​၏​။ 26အရုဏ်တက်​ချိန်​တွင် ထို​မိန်းမ​သည် ပြန်လာ​၍ သူ့​ခင်ပွန်း​တည်းခိုရာ​အဖိုးအို​၏​အိမ်​တံခါး​နားတွင် လဲကျ​၍ မိုးလင်း​သည်​အထိ နေ​လေ​၏​။
27သူ့​ခင်ပွန်း​သည် နံနက်​ထ​၍ အိမ်​တံခါး​ဖွင့်​ကာ ခရီးဆက်​မည်​ပြု​သောအခါ လက်​ကို​တံခါးခုံ​ပေါ်​တင်​လျက် အိမ်​တံခါးဝ​တွင် လဲကျ​နေ​သော မယားငယ်​ကို တွေ့​လေ​၏​။ 28သူ​က​လည်း မယားငယ်​အား “​ထထ ခရီးဆက်​ကြ​စို့​”​ဟု ဆို​၏​။ သို့သော် မည်သို့​မျှ​မ​တုံ့ပြန်​သဖြင့် သူ​သည် မယားငယ်​ကို မြည်း​ပေါ်​တင်​၍ မိမိ​အိမ်​သို့ ခရီးဆက်​လေ​၏​။
29သူ​သည် အိမ်​သို့​ရောက်​သောအခါ ဓား​ကို​ယူ​၍​မယားငယ်​ကို​ကိုင်​ကာ ကိုယ်အင်္ဂါ​အစိတ်အပိုင်း​အလိုက် တစ်ဆယ့်​နှစ်​ပိုင်း​ပိုင်း​ပြီး အစ္စရေး​နယ်မြေ​တစ်လျှောက်လုံး​သို့ ပို့​လိုက်​လေ​၏​။ 30ထို​အခြင်းအရာ​ကို မြင်​သော​သူ​တိုင်း​က “​အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ဤကဲ့သို့သော​အဖြစ်အပျက်​မျိုး မ​ဖြစ်​ဖူး​၊ မ​ကြုံ​ဖူး​ပေ​။ ဤ​ကိစ္စ​ကို သေသေချာချာ​စဉ်းစား​ပြီး ဆွေးနွေး​တိုင်ပင်​ကြ​လော့​”​ဟု ဆို​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ