YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 20

20
ဗင်္ယာမိန်အမျိုးကို ဆန့်ကျင်တိုက်ခိုက်ခြင်း
1ဂိလဒ်​ပြည်​အပါအဝင် ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင်​နေထိုင်​သော အစ္စရေး​အမျိုးသား​အပေါင်း လူအုပ်ကြီး​တို့​သည် မိဇပါ​မြို့​သို့​ရောက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​တွင် တစ်စိတ်တစ်သဘောတည်း စုရုံး​ကြ​၏​။ 2အစ္စရေး​အမျိုးအနွယ်​အားလုံး​၏​အကြီးအကဲ​တို့​နှင့် ဓား​ကိုင်​ခြေလျင်တပ်သား​လေး​သိန်း​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စုဝေး​ရာ​နေရာ​တွင် နေရာယူ​ကြ​၏​။ 3အစ္စရေး​တပ် မိဇပါ​မြို့​သို့ ချီတက်​လာ​ကြောင်း​ကို ဗင်္ယာမိန်​အမျိုးသား​တို့ ကြားသိ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​က “​အဘယ်ကြောင့် ဤမျှလောက်​ဆိုးသွမ်း​သော​အမှု ဖြစ်​ရ​သနည်း​။ ပြောပြ​ပါ​လော့​”​ဟု မေး​လျှင်
4အသတ်ခံရ​သော​အမျိုးသမီး​၏​ခင်ပွန်း​လေဝိ​အမျိုးသား​က “​အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​မယားငယ်​သည် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့​တွင် ညအိပ်ရပ်နား​ရန် ရောက်လာ​ပါ​၏​။ 5ညအချိန်​တွင် ဂိဗာ​မြို့သား​တို့​သည် အကျွန်ုပ်​ရှိ​ရာ​အိမ်​ကို​ဝိုင်း​ထား​ပြီး အကျွန်ုပ်​ကို​သတ်​ရန် ကြံစည်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​မယားငယ်​ကို​လည်း သေ​သည်​အထိ​အဓမ္မပြု​ကြ​ပါ​၏​။ 6ထိုသို့ ဂိဗာ​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​တွင် ညစ်ညမ်း​သော​အမှု​၊ ယုတ်ညံ့​သော​အမှု​ကို ပြု​ကြ​သောကြောင့် အကျွန်ုပ်​လည်း မယားငယ်​အသေကောင်​ကို ခုတ်ဖြတ်​ပြီး အစ္စရေး​လူမျိုး​တို့ အမွေခံရာ​ပြည်​တစ်လျှောက်လုံး​သို့ ပို့​လိုက်​ပါ​၏​။ 7သင်​တို့​အားလုံး​သည် အစ္စရေး​အမျိုးသား​များ ဖြစ်​ကြ​ပါ​၏​။ ယခု တိုင်ပင်​၍ အကြံပေး​ကြ​ပါ​လော့​”​ဟု ဆို​၏​။
8ထိုအခါ လူ​အပေါင်း​တို့​သည် တစ်စိတ်တစ်သဘောတည်း​ဖြစ်​လျက် “​ငါ​တို့ တစ်ယောက်​မျှ ကိုယ့်​တဲ​သို့​မ​သွား​၊ ကိုယ့်​အိမ်​သို့ မ​ပြန်​ပါ​။ 9ငါ​တို့ ဤသို့ အစီစဉ်​ဆွဲ​မည်​။ မဲချ​ပြီး ဂိဗာ​မြို့​ကို သွားတိုက်​ကြ​မည်​။ 10အစ္စရေး​လူမျိုး​တို့​တွင် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့သား​တို့ ပြု​ခဲ့​သမျှ ယုတ်ညံ့​သော​အမှု​နှင့်အညီ သူ​တို့​ကို လက်စားချေ​ရန် စစ်ချီ​သောအခါ စစ်သည်​တို့​အတွက် ရိက္ခာ​သယ်ဆောင်​ရန် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ လူ​အယောက်​တစ်ရာ​တွင် ဆယ်​ယောက်​၊ လူ​အယောက်​တစ်ထောင်​တွင် အယောက်​တစ်ရာ​၊ လူ​အယောက်​တစ်သောင်း​တွင် အယောက်​တစ်ထောင်​တို့​ကို ရွေးကောက်​မည်​”​ဟု ဆို​ကြ​၏​။
11ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဂိဗာ​မြို့​ကို​တိုက်ခိုက်​ရန် တစ်စိတ်တစ်သဘောတည်း​စုဝေး​ကြ​၏​။ 12အစ္စရေး​အမျိုးအနွယ်​တို့​သည် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​ထံ လူ​လွှတ်​လျက် “​သင်​တို့​တွင် အဘယ်ကြောင့် ဤမျှလောက်​ဆိုးသွမ်း​သော​အမှု ဖြစ်ပျက်​ရ​သနည်း​။ 13ယခု ဂိဗာ​မြို့​ထဲရှိ​ဆိုးညစ်​သော​သူ​တို့​ကို ထုတ်ပေး​ပါ​။ သူ​တို့​ကို​သတ်​ပြီး အစ္စရေး​လူမျိုး​ထဲမှ မကောင်းမှု​ကို ဖယ်ရှား​ပစ်​မည်​”​ဟု မှာလိုက်​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​အမျိုးသားချင်း​ဖြစ်​သော​အစ္စရေး​အမျိုးသား​တို့​၏​စကား​ကို နား​မ​ထောင်​လို​ကြ​။ 14အစ္စရေး​အမျိုးသား​တို့​ကို ထွက်​တိုက်​ရန် ဗင်္ယာမိန်​အမျိုးသား​တို့​သည် အမြို့မြို့​မှ​လာ​၍ ဂိဗာ​မြို့​၌ စုရုံး​ကြ​၏​။ 15ထို​နေ့​၌ အမြို့မြို့​မှ​ဗင်္ယာမိန်​အမျိုးသား ဓားကိုင်သူရဲ​နှစ်သောင်းခြောက်ထောင်​အပြင် ရွေးကောက်​ခံရ​သော​ဂိဗာ​မြို့သား​ယောက်ျား​ခုနစ်​ရာ​တို့​လည်း စုရုံး​ပါဝင်​ကြ​၏​။ 16ဤ​လူ​အပေါင်း​တို့​တွင် ရွေးကောက်​ထား​သော​လက်ဝဲ​လက်​အားသန်​သူ​ယောက်ျား​အယောက်​ခုနစ်​ရာ​ရှိ​၏​။ သူ​တို့​သည် ဆံချည်​တစ်​ပင်​ကို​ပင် လောက်လွှဲ​နှင့်​ထိ​အောင် ပစ်​နိုင်​သူ​များ​ဖြစ်​၏​။
17ဗင်္ယာမိန်​အမျိုး​မှအပ အစ္စရေး​အမျိုးသား​တို့​တွင် ဓားကိုင်သူရဲ​လေး​သိန်း ရှိ​၏​။ သူ​တို့​အားလုံး​သည် စစ်ရေး​ကျွမ်းကျင်သူ​များ ဖြစ်​၏​။ 18အစ္စရေး​အမျိုးသား​တို့​သည် ထ​၍ ဗေသလ​မြို့​သို့ တက်သွား​ပြီးလျှင် ဘုရားသခင်​အား “​ဗင်္ယာမိန်​အမျိုးသား​တို့​ကို မည်သူ​ဦးစွာ​သွားတိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​ယုဒ​အမျိုး ဦးစွာ​ချီတက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
19ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​သည် နံနက်အချိန်​ချီတက်​၍ ဂိဗာ​မြို့​အနီး​တွင် စခန်းချ​၏​။ 20အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုး​ကို တိုက်ခိုက်​ရန် ချီတက်​လာ​၍ ဂိဗာ​မြို့​၌ နေရာယူ​ကြ​သောအခါ 21ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း ဂိဗာ​မြို့​ထဲမှ​ထွက်လာ​၍ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရာ ထို​နေ့​တွင် အစ္စရေး​လူမျိုး အယောက်​နှစ်သောင်းနှစ်ထောင်​ကို သတ်ပစ်​လိုက်​ကြ​၏​။ 22သို့သော် အစ္စရေး​အမျိုးသား​တို့​သည် အားယူ​၍ ပထမ​နေ့ စစ်ဖြစ်​ခဲ့​သော​နေရာ​တွင်​ပင် နောက်တစ်ဖန် စစ်တိုက်​ရန် နေရာယူ​ကြ​ပြန်​၏​။ 23အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။
24ထို့ကြောင့် ဒုတိယ​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​ထံ ချီတက်​ကြ​၏​။ 25ဗင်္ယာမိန်​အမျိုးသား​တို့​သည်​လည်း ဒုတိယ​နေ့​တွင် ဂိဗာ​မြို့​ထဲမှ​ထွက်လာ​၍ အစ္စရေး​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရာ အစ္စရေး​အမျိုးသား ဓားကိုင်သူရဲ အယောက်​တစ်သောင်းရှစ်ထောင်​ကို သတ်ပစ်​ပြန်​၏​။
26အစ္စရေး​အမျိုးသား လူ​အပေါင်း​တို့​သည်​လည်း ဗေသလ​မြို့​သို့ တက်သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် ထိုင်​၍​ငိုကြွေး​ကြ​၏​။ ထို​နေ့ နေဝင်​သည်​အထိ အစာရှောင်​လျက် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​များ​ကို ပူဇော်​ကြ​၏​။ 27တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​အား မေးလျှောက်​ကြ​၏​။ (​ထိုစဉ်က ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဗေသလ​အရပ်​တွင် ရှိ​၍ 28အာရုန်​၏​မြေး​၊ ဧလာဇာ​၏​သား ဖိနဟတ်​က အမှု​တော်​ဆောင်​လျက်​ရှိ​၏​။​) သူ​တို့​က “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ဗင်္ယာမိန်​အမျိုးသား​တို့​ကို နောက်တစ်ဖန် သွားတိုက်​ရ​မည်လော​၊ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု ဆို​လေ​ရာ ထာဝရဘုရား​က​လည်း “​သွား​လော့​။ မနက်ဖြန် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 29ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​ပတ်ပတ်လည်​တွင် တပ်ပုန်း​ချထား​၍ 30တတိယ​နေ့​တွင် ဗင်္ယာမိန်​အမျိုးသား​တို့​ထံ​ချီတက်​ကာ ယခင်က​ကဲ့သို့ပင် ဂိဗာ​မြို့​နား​တွင် နေရာယူ​ကြ​ပြန်​သောအခါ 31ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း ထွက်တိုက်​ရာ မြို့​နှင့်​ဝေး​ရာ​သို့ ရောက်လာ​ကြ​၏​။ သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ယခင်က​ကဲ့သို့ပင် ဗေသလ​မြို့​သို့​သွား​သော​လမ်း​၊ ဂိဗာ​မြို့​သို့​သွား​သော​လမ်း​တို့​တွင် စတင်​တိုက်ခိုက်​ပြီး လူ​အယောက်​သုံးဆယ်​ခန့်​ကို ကွင်းပြင်​တွင် သတ်​လေ​၏​။ 32ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း “​ယခင်က​ကဲ့သို့ပင် သူ​တို့​ရှုံး​ပြန်​ပြီ​”​ဟု ဆို​၏​။ အစ္စရေး​အမျိုးသား​တို့​ကမူ “​ငါ​တို့ ထွက်ပြေး​ကြ​စို့​။ သူ​တို့​ကို မြို့​နှင့်​ဝေး​ရာ လမ်းမ​များ​ဆီသို့ မျှားခေါ်​သွား​ကြ​စို့​”​ဟု ဆို​ကြ​၏​။ 33ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထို​အရပ်​မှ​ထွက်​၍ ဗာလတာမာ​အရပ်​၌ နေရာယူ​ကြ​၏​။ အစ္စရေး​တပ်ပုန်းအဖွဲ့​က​လည်း မိမိ​တို့​ပုန်းနေရာ မာရေ​ဂေဗ#20:33 “ဂေဗလွင်ပြင်” သို့မဟုတ် “ဂေဗအနောက်ဘက်”။​မှ ထွက်လာ​ကြ​၏​။ 34အစ္စရေး​တစ်မျိုးသားလုံး​ထဲမှ ရွေးကောက်​ထား​သော​လူ အယောက်​တစ်သောင်း​တို့​သည်​လည်း ဂိဗာ​မြို့​သို့​ချီလာ​ကြ​သဖြင့် တိုက်ပွဲ​အပြင်းအထန်​ဖြစ်​နေ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​၌ အဖြစ်ဆိုးကြီး​ကြုံ​ရ​တော့​မည်​ကို မ​ရိပ်မိ​ကြ​။ 35ထာဝရဘုရား​သည် ဗင်္ယာမိန်​အမျိုး​ကို အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​တော်မူ​သဖြင့် ထို​နေ့​၌ အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုး ဓားကိုင်သူရဲ အယောက်​နှစ်သောင်းငါးထောင့်​တစ်ရာ​ကို သတ်​လိုက်​လေ​၏​။ 36ထိုအခါ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​ရှုံးနိမ့်​ကြောင်း ရိပ်မိ​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​အနီး​၌ ချထား​သော​တပ်ပုန်း​ကို​အားကိုး​၍ ဗင်္ယာမိန်​တို့​ထံမှ ဆုတ်ခွာ​ခဲ့​သည့်​အတိုင်း 37တပ်ပုန်းအဖွဲ့​က​လည်း ဂိဗာ​မြို့​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်​၍ တပ်ဖြန့်​ကာ မြို့​တစ်မြို့လုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။ 38အချက်ပြ​လက္ခဏာ​အဖြစ် မြို့​ထဲမှ မီးခိုးလုံး​ကြီး​တက်​စေ​မည်​ဟူ၍ အစ္စရေး​တပ်ဖွဲ့​နှင့် တပ်ပုန်းအဖွဲ့​တို့ ချိန်းချက်​ထား​၏​။ 39မြို့​ထဲမှ မီးခိုးလုံးကြီး​တက်လာ​လျှင် အစ္စရေး​တပ်​သည် စစ်ပွဲ​ထဲသို့​ပြန်လှည့်​မည်​ဟူ၍ ဖြစ်​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​မူကား အစ္စရေး​အမျိုးသား​တို့​နှင့် စ​တိုက်​စဉ်က လူ​အယောက်​သုံးဆယ်​ခန့်​ကို သတ်​မိ​လေ​သဖြင့် “​သူ​တို့​သည် ယခင်​စစ်ပွဲ​များ​ကဲ့သို့ပင် ငါ​တို့​ကို ရှုံးနိမ့်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။ 40ထိုစဉ် မြို့​ထဲမှ မီးခိုးလုံး စ​တက်လာ​လေ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း နောက်သို့​လှည့်ကြည့်​ရာ မြို့​ထဲမှ​မီးခိုးလုံးကြီး ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​လေ​၏​။ 41အစ္စရေး​စစ်တပ်​လည်း ပြန်လှည့်​လာ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း အဖြစ်ဆိုး​နှင့်​ကြုံ​ရ​တော့​မည်​ကို သိ​၍​ထိတ်လန့်​နေ​ကြ​၏​။ 42ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​ထံမှ ဆုတ်​၍​တောကန္တာရ​သို့ ထွက်ပြေး​ကြ​၏​။ သို့သော် အစ္စရေး​တပ်​သည် သူ​တို့​ကို လိုက်တိုက်​၏​။ မြို့ရွာ​များ​မှ​လူ​တို့​သည်​လည်း​ထွက်လာ​၍ သူ​တို့​ထံသို့​လာ​သော​သူ​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ 43အစ္စရေး​စစ်တပ်​သည် ဗင်္ယာမိန်​အမျိုးသား​တို့​ကို ဝိုင်း​၍​လိုက်တိုက်​ရာ ဂိဗာ​မြို့​အရှေ့ဘက်​နေထွက်​ရာ​အရပ်​တွင် အလွယ်တကူ​နှိမ်နင်း​နိုင်​ခဲ့​၏​။ 44ထိုအခါ ဗင်္ယာမိန်​အမျိုးသား​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​တစ်သောင်းရှစ်ထောင်​ကျဆုံး​လေ​၏​။ 45အချို့​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​သို့​ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်​က​လိုက်လံ​သတ်ဖြတ်​ရာ လမ်း​တစ်လျှောက်​တွင် လူ​အယောက်​ငါး​ထောင်​ကို သတ်ဖြတ်​၏​။ ဂိဒုံ​မြို့​အထိ ဆက်လိုက်​၍ လူ​နှစ်ထောင်​ကို သတ်ဖြတ်​လေ​၏​။
46ထို​နေ့​တွင် ဗင်္ယာမိန်​အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး​၏​။ 47လူ​အယောက်​ခြောက်​ရာ​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​ဘက်​သို့ လှည့်​ပြေး​ကြ​ပြီး ထို​သူ​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် လေး​လ​နေ​ကြ​၏​။ 48အစ္စရေး​စစ်တပ်​သည်​လည်း ဗင်္ယာမိန်​အမျိုးသား​တို့​နေရာ​သို့ ပြန်လာ​၍ မြို့​ထဲ​ရှိ​လူ​နှင့်တကွ တိရစ္ဆာန်​အပါအဝင် တွေ့​သမျှ​တို့​ကို ဓား​ဖြင့် သတ်ပစ်​လေ​၏​။ တွေ့​သမျှ မြို့​တို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ