တရားသူကြီးမှတ်စာ 18
18
ဒန်အမျိုးအနွယ်တို့ နယ်မြေရှာခြင်း၊ ရုပ်တုကိုးကွယ်ခြင်း
1ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။ 2ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။ 3သူတို့သည် မိက္ခာ၏ဝတ်ကျောင်း၌ရှိစဉ် လေဝိလူငယ်၏အသံကို သတိထားမိသဖြင့် သူ့ထံသို့သွား၍ “သင့်ကိုဤအရပ်သို့ မည်သူခေါ်လာသနည်း။ သင်သည် ဤနေရာ၌ ဘာလုပ်နေသနည်း။ သင်သည် အဘယ်ကြောင့်ဤအရပ်၌ရှိနေသနည်း”ဟု မေးမြန်းကြ၏။ 4သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။
5ထိုအခါ သူတို့က “ငါတို့သွားနေသောခရီးစဉ် အောင်မြင်မည်၊ မအောင်မြင်မည်ကို သိနိုင်ရန် ဘုရားသခင်ထံမေးလျှောက်ပေးပါလော့”ဟု သူ့အားဆိုလေ၏။
6ယဇ်ပုရောဟိတ်က သူတို့အား “အေးအေးချမ်းချမ်းသွားပါ။ သင်တို့ခရီးစဉ်တွင် ထာဝရဘုရားပါရှိတော်မူပါ၏”ဟု ပြန်ပြော၏။
7ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
8သူတို့သည် အမျိုးသားချင်းတို့ရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်ရောက်သောအခါ အမျိုးသားချင်းတို့က “အခြေအနေ မည်သို့နည်း”ဟု မေးမြန်းကြ၏။
9သူတို့ကလည်း “လာကြ၊ သူတို့ကို သွားတိုက်ကြစို့၊ ထိုပြည်ကို ငါတို့မြင်ခဲ့ပြီ။ အလွန်သာယာသောပြည် ဖြစ်၏။ ငြိမ်မနေကြနှင့်။ တွန့်ဆုတ်မနေကြနှင့်။ ထိုပြည်ကို သွားရောက်သိမ်းပိုက်ကြစို့။ 10သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။ 11ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့ရှိ ဒန်မျိုးနွယ်စုထဲမှ လူခြောက်ရာတို့သည် စစ်တိုက်ရန် လက်နက်စွဲကိုင်လျက် ချီတက်သွားရာ 12သူတို့သည် ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့အနီးသို့ရောက်သောအခါ စခန်းချကြ၏။ ထို့ကြောင့် ထိုအရပ်ကို မဟာနေဒန်#18:12 “ဒန်တပ်စခန်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုယနေ့တိုင်အောင် ခေါ်တွင်၏။ ထိုအရပ်သည် ကိရယတ်ယာရိမ်မြို့၏အနောက်ဘက်တွင်ရှိ၏။ 13သူတို့သည် ထိုအရပ်မှ ဆက်ချီတက်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ ရောက်ကြ၏။
14ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ်#18:14 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။ 15ထို့ကြောင့် သူတို့သည် လေဝိလူငယ်နေထိုင်ရာ မိက္ခာ၏အိမ်သို့ဝင်ပြီး သူ့အား သာကြောင်းမာကြောင်းနှုတ်ဆက်ကြ၏။ 16စစ်လက်နက်စွဲကိုင်သောဒန်အမျိုးသားခြောက်ရာတို့သည် တံခါးဝ၌ရပ်နေကြ၏။ 17ထိုသို့ စစ်လက်နက်စွဲကိုင်သောလူခြောက်ရာနှင့်ယဇ်ပုရောဟိတ်သည် တံခါးဝ၌ရပ်နေစဉ် လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်တို့သည် အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ကို ယူလေ၏။
18ထိုသူတို့သည် မိက္ခာ၏အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့်သွန်းလုပ်ထားသောရုပ်တုတို့ကို ယူကြသဖြင့် ယဇ်ပုရောဟိတ်က သူတို့အား “သင်တို့ ဘာလုပ်နေကြသနည်း”ဟု မေး၏။
19ထိုသူတို့ကလည်း “သင့်လက်ဖြင့် ပါးစပ်ကိုပိတ်ပြီး တိတ်တိတ်နေလော့။ အကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့၍ အကျွန်ုပ်တို့၏အဖ၊ အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အဖြစ်နေပါ။ သင်သည် မိသားစုတစ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းထက် အစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်၊ အစ္စရေးလူမျိုးထဲမှ မျိုးနွယ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းက ပိုကောင်းသည်မဟုတ်လော”ဟု သူ့အား မေးလေ၏။ 20ယဇ်ပုရောဟိတ်သည်လည်း ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် ထွင်းထုထားသောရုပ်တုတို့ကိုယူပြီး သူတို့နှင့်အတူ ဝမ်းသာအားရလိုက်သွားလေ၏။ 21သူတို့သည် ကလေးများ၊ ဝန်စည်စလယ်တင်သောတိရစ္ဆာန်များကို ရှေ့ဆုံးမှသွားစေ၍ ခရီးဆက်ကြ၏။
22မိက္ခာအိမ်မှ အတော်ဝေးဝေးသို့ရောက်သောအခါ မိက္ခာသည် မိမိအိမ်နီးချင်းတို့ကို ခေါ်ပြီး ဒန်အမျိုးသားတို့ကို အမီလိုက်၍ 23အနောက်မှဟစ်ခေါ်သဖြင့် ဒန်အမျိုးသားတို့သည် နောက်သို့လှည့်၍ မိက္ခာအား “အဘယ်ကြောင့် အော်ဟစ်နေသနည်း”ဟု မေးသော်
24မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
25ဒန်အမျိုးသားတို့က သူ့အား “ငါတို့ကြားအောင် အော်ကြီးဟစ်ကျယ် မပြုနှင့်။ ဒေါသကြီးသောလူတို့သည် သင့်ကိုတိုက်ခိုက်သဖြင့် သင်နှင့်သင့်အိမ်သူအိမ်သားတို့ သေသွားရလိမ့်မည်”ဟု ဆိုပြီးလျှင် 26ခရီးဆက်သွားကြ၏။ မိက္ခာကလည်း ဒန်အမျိုးသားတို့သည် မိမိထက်ပို၍အားကြီးကြောင်း သိမြင်သဖြင့် နောက်ပြန်လှည့်၍ အိမ်သို့ပြန်သွားလေ၏။
27ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။ 28ထိုမြို့သည် ဆီဒုန်မြို့နှင့် ကွာဝေးသည့်အပြင် မြို့သားတို့သည်လည်း မည်သူနှင့်မျှအဆက်အဆံမရှိသောကြောင့် သူတို့ကို ကယ်တင်မည့်သူမရှိ။ လဲရှမြို့သည် ဗက်ရဟောဘမြို့အနီး ချိုင့်ဝှမ်းဒေသ၌ ရှိ၏။ ဒန်အမျိုးသားတို့သည် မြို့ကိုပြန်လည်တည်ထောင်၍ နေထိုင်ကြ၏။ 29ယခင်က လဲရှ ဟုခေါ်သောမြို့ကို ဒန်အမျိုးသားတို့သည် သူတို့၏ဘိုးဘေးဖြစ်သော အစ္စရေး၏သား ဒန်ကိုအစွဲပြု၍ ဒန်မြို့ဟုခေါ်ကြ၏။
30ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ#18:30 သို့မဟုတ် “မောရှေ”။၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။ 31သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
တရားသူကြီးမှတ်စာ 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative