YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 17

17
မိက္ခာ၏ယဇ်ပုရောဟိတ်
1ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် မိက္ခာ​အမည်​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ 2သူ​သည် မိခင်​အား “​ငွေစ​တစ်ထောင့်​တစ်ရာ​ပျောက်သွား​သဖြင့် အမေ ကျိန်ဆဲ​ပြောဆို​နေ​သည်​ကို အကျွန်ုပ်​ကြား​ပါ​၏​။ ထို​ငွေ​ကို အကျွန်ုပ်​ယူ​မိ​ပါ​၏​။ အကျွန်ုပ်​ထံ၌ ရှိ​ပါ​၏​”​ဟု ဆို​လျှင် မိခင်​က “​ငါ့​သား​၊ ထာဝရဘုရား သင့်​ကို ကောင်းချီးပေး​ပါစေ​”​ဟု ဆို​၏​။
3ငွေစ​တစ်ထောင့်​တစ်ရာ​ကို မိခင်​အား​ပြန်ပေး​မည်​ပြု​သောအခါ မိခင်​က “​ထို​ငွေ​ကို ငါ့​သား​အတွက် ရုပ်တု​ထွင်းထု​ရန်​၊ သွန်းလုပ်​ရန် ငါ​ကိုယ်တိုင် ထာဝရဘုရား​အား ဆက်ကပ်​ထား​ပြီ​။ သို့ဖြစ်၍ ထို​ငွေ​ကို သင့်​အား​ငါ​ပြန်ပေး​မည်​”​ဟု ဆို​၏​။ 4ဤသို့ဖြင့် ထို​ငွေ​ကို မိခင်​အား​ပြန်ပေး​သောအခါ မိခင်​က ငွေ​နှစ်ရာ​ကို​ယူ​ပြီး ပန်းထိမ်သမား​အား​ပေး​၍ ရုပ်တု​ကို​ထွင်းထု​၊ သွန်းလုပ်​စေ​၏​။ ထို​ရုပ်တု​တို့​ကို မိက္ခာ​၏​အိမ်​၌​ထား​လေ​၏​။
5ထို​သူ မိက္ခာ​၌ ဘုရား​ဝတ်ကျောင်း​ရှိ​၏​။ သူ​သည် ဧဖုဒ်#17:5 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့်​တေရပ်ရုပ်တု​များ​ကို သွန်းလုပ်​ပြီးလျှင် မိမိ​သား​တစ်​ယောက်​ကို ယဇ်ပုရောဟိတ်​အဖြစ်​ခန့်ထား​၏​။ 6ထို​ကာလ​တွင် အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​။ လူတိုင်း မှန်​သည်​ဟု​ထင်​သည့်​အတိုင်း​ပြု​ကြ​၏​။
7လေဝိ​လူငယ်​တစ်​ယောက်​သည် ယုဒ​မျိုးနွယ်စု​အပိုင် ယုဒ​ပြည်​၊ ဗက်လင်​မြို့​၌ တည်းခိုနေထိုင်​၏​။ 8သို့သော် သူ​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ​ထွက်ခွာ​၍ တည်းခို​ရာ​နေရာ​ကို ရှာ​ရင်း​၊ ခရီးသွားရင်း ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​အိမ်​သို့​ရောက်လာ​၏​။
9မိက္ခာ​က သူ့​အား “​သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း​”​ဟု မေး​လေ​သော် သူ​က “​အကျွန်ုပ်​သည် လေဝိ​အမျိုး​ဖြစ်​၏​။ ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ လာ​ပါ​၏​။ အကျွန်ုပ်​သည် တည်းခို​ရာ​နေရာ​ကို ရှာ​နေ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။
10မိက္ခာ​က​လည်း “​အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​၏​ယဇ်ပုရောဟိတ်​အဖြစ် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ပါ​။ တစ်​နှစ်​လျှင် ငွေစ​တစ်ဆယ်​၊ အဝတ်​တစ်စုံ​နှင့်​အစားအစာ​ကို​ပေး​မည်​”​ဟု ဆို​လျှင် လေဝိ​လူငယ်​သည် အိမ်​ထဲသို့​ဝင်သွား​၏​။ 11လေဝိ​လူငယ်​သည် မိက္ခာ​နှင့်အတူ​နေထိုင်​ရန်​သဘောတူ​ပြီး မိက္ခာ​၏​သား​အရင်း​သဖွယ် ဖြစ်လာ​၏​။ 12မိက္ခာ​သည် ထို​လေဝိ​လူငယ်​ကို ယဇ်ပုရောဟိတ်​အဖြစ် ခန့်အပ်​ထား​သဖြင့် သူ​သည် မိက္ခာ​၏​အိမ်​၌​နေထိုင်​လေ​၏​။ 13မိက္ခာ​က​လည်း “​ငါ​သည် လေဝိ​အမျိုး​ကို ငါ​၏​ယဇ်ပုရောဟိတ်​အဖြစ်​ရရှိ​ထား​သောကြောင့် ယခုမှာ ထာဝရဘုရား​သည် ငါ့​ကို ကောင်းစား​စေ​တော်မူ​မည်​ကို​ငါ​သိ​၏​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ