YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 5

5
ချမ်းသာသောသူတို့အတွက် သတိပေးချက်
1ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။ 2သင်​တို့​၏​စည်းစိမ်​သည် ဆွေးမြည့်​၍ သင်​တို့​၏​အဝတ်​များ​ကို ပိုး​ကိုက်စား​လေ​ပြီ။ 3သင်​တို့​၏​ရွှေ​ငွေ​များ​သည် အချေး​တက်​လျက်​ရှိ​ပြီ။ ထို​အချေး​သည်​လည်း သင်​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​၍ သင်​တို့​အသား​ကို မီး​ကဲ့သို့ လှိုက်စား​လိမ့်မည်။ သင်​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ဥစ္စာ​များ​ကို​သိုမှီး​ထား​ကြ​သည်​တကား။ 4ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။ 5သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။ 6သင်​တို့​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်ကျင်​ခြင်း​မ​ပြု​ချေ။
သခင်ဘုရားကိုစောင့်မျှော်ခြင်း
7သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။ 8သင်​တို့​သည်​လည်း စိတ်ရှည်​သည်းခံ​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​ကြ​လော့။ အကြောင်းမူကား သခင်​ဘုရား​၏​ကြွလာ​တော်မူ​ခြင်း​သည် နီးကပ်​လာ​ပြီ​ဖြစ်​၏။ 9ညီအစ်ကို​တို့၊ စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း တစ်ဦး​အပေါ်​တစ်ဦး ပြစ်တင်​ညည်းညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တရား​စီရင်​သော​အရှင်​သည် တံခါး​ရှေ့၌​ရပ်​နေ​တော်မူ​ပြီ။
10ညီအစ်ကို​တို့၊ ဆင်းရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​နှင့်​ပတ်သက်၍ သခင်​ဘုရား​၏​နာမ​တော်​အားဖြင့် ဟောပြော​သော​ပရောဖက်​တို့​ကို စံနမူနာ​ယူ​ကြ​လော့။ 11သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း#ဆာ 103:8။​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။
သမ္မာတရားနှင့်ညီသောအပြောအဆို
12ငါ့​ညီအစ်ကို​တို့၊ အထူးသဖြင့် တိုင်တည်​ပြောဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​ကတိ​သစ္စာ​တစ်စုံတစ်ခု​ကို​ပြု​လျက်​ဖြစ်စေ တိုင်တည်​၍​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို “ဟုတ်​ပါ​သည်” မ​ဟုတ်​သည်​ကို “မ​ဟုတ်​ပါ”​ဟူ၍သာ ပြောဆို​ကြ​လော့။ သို့မဟုတ်လျှင် တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။
ထိရောက်မှုရှိသောဆုတောင်းခြင်း
13သင်​တို့​တွင် ဆင်းရဲ​ဒုက္ခ​ခံရ​သူ​ရှိ​လျှင် သူ​သည် ဆုတောင်း​စေ။#ဆာ 50:15။ ဝမ်းမြောက်​ရွှင်လန်း​သော​သူ​ရှိ​လျှင် သူ​သည် ချီးမွမ်း​သီချင်း​ကို​သီဆို​စေ။ 14သင်​တို့​တွင် နာမကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အသင်းတော်​အကြီးအကဲ​များ​ကို​ဖိတ်ခေါ်​စေ။ သူ​တို့​သည်​လည်း သခင်​ဘုရား​၏​နာမ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အတွက်​ဆုတောင်း​ပေး​ကြ​စေ။ 15ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။ 16သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။
17ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​တစ်​ဦး​ဖြစ်​သော်လည်း မိုး​မ​ရွာ​မည့်​အကြောင်း ထက်သန်စွာ​ဆုတောင်း​သောအခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်တိုင် မြေ​ပေါ်၌​မိုး​မ​ရွာ​ဘဲ​နေ​၏။ 18ထို့နောက် သူ​သည် နောက်တစ်ဖန် ဆုတောင်း​သောအခါ ကောင်းကင်​မှ​မိုး​ရွာသွန်း​၍ မြေ​သည် အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​၏။
19ငါ့​ညီအစ်ကို​တို့၊ သင်​တို့​တွင် တစ်စုံတစ်ယောက်​သော​သူ​သည် သမ္မာတရား​လမ်း​မှ​လွဲ​သွား​၍ တစ်စုံတစ်ဦး​က သူ့​ကို ပြန်လည်​ခေါ်ဆောင်​လာ​လျှင် 20အပြစ်သား​ကို သူ​၏​မှားယွင်း​သော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်​လာ​သော​ထို​သူ​သည် လမ်းလွဲ​ခဲ့​သူ​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်တင်​၍ များစွာ​သော​အပြစ်​တို့​ကို​ဖုံးအုပ်​ပေး​မည်​ဖြစ်​ကြောင်း သိမှတ်​ပါစေ။

လက်ရှိရွေးချယ်ထားမှု

ရှင်ယာကုပ်ဩဝါဒစာ 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။