YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 4

4
မာန်မာနနှင့်နှိမ့်ချခြင်း
1သင်​တို့​တွင်​ရှိ​သော စစ်တိုက်​ခြင်း​နှင့်​ခိုက်ရန်​ဖြစ်​ခြင်း​တို့​သည် အဘယ်က​ဖြစ်လာ​ကြ​သနည်း။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ထဲ၌ ပြိုင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည့် သင်​တို့​၏​ကာမဂုဏ်​ခံစား​လို​သော​စိတ်​မှ ဖြစ်လာ​ကြ​သည်​မ​ဟုတ်​လော။ 2သင်​တို့​သည် တပ်မက်​သော်လည်း မ​ရ​သောကြောင့် လူ​သတ်​ကြ​၏။ အလွန်​အလိုရှိ​သော်လည်း မ​ရရှိ​နိုင်​သောကြောင့် ခိုက်ရန်​ဖြစ်​၍ စစ်တိုက်​ကြ​၏။ သင်​တို့​မ​ရ​ကြ​သည်​မှာ သင်​တို့​မ​တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။ 3တောင်းလျှောက်​သော်လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာမဂုဏ်​ခံစား​မှု​အတွက်​သုံးစွဲ​ရန် လွဲမှား​စွာ တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။
4ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။ 5သို့မဟုတ် ကျမ်းစာ​က “ကိုယ်တော်​သည် ငါ​တို့​၌ ကိန်းဝပ်​စေ​တော်မူ​သော​ဝိညာဉ်​ကို သဝန်တို​သော​သဘော​ဖြင့် တောင့်တ​တော်မူ​၏”​ဟူ၍ အကြောင်းမဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ 6သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”#မ 23:12၊ လု 14:11၊ 18:14၊ ၁ပေ 5:5၊ ဆာ 138:6၊ သု 3:34။​ဟု ကျမ်းစာ​၌​ဆို​ထား​၏။
7ထို့ကြောင့် ဘုရားသခင်​ကို​နာခံ​ကြ​လော့။ မာရ်နတ်​ကို​ဆန့်ကျင်​တွန်းလှန်​ကြ​လော့။ သို့ပြုလျှင် သူ​သည် သင်​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။ 8ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။ 9စိတ်​ညှိုးငယ်​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငိုကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်မော​ခြင်း​ကို ဝမ်းနည်း​ကြေကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ကို ဝမ်းနည်း​ပူဆွေး​ခြင်း​ဖြစ်စေ​ကြ​လော့။ 10ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။
11ညီအစ်ကို​တို့၊ အချင်းချင်း​ပုတ်ခတ်​ပြောဆို​ခြင်း​မ​ပြု​ကြ​နှင့်။ ညီအစ်ကို​ကို​ပုတ်ခတ်​ပြောဆို​သော​သူ​၊ သို့မဟုတ် မိမိ​ညီအစ်ကို​ကို​စီရင်​သော​သူ​သည် ပညတ်​တရား​ကို​ပုတ်ခတ်​ပြောဆို​၍ ပညတ်​တရား​ကို​စီရင်​သူ​ဖြစ်​၏။ သင်​သည် ထိုသို့ ပညတ်​တရား​ကို​စီရင်​လျှင် ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​မ​ဟုတ်​ဘဲ တရား​စီရင်​သော​သူ​ဖြစ်​၏။ 12ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။
ကျွန်ုပ်တို့၏ဆန္ဒနှင့် ဘုရားသခင်၏အလိုတော်
13“ယနေ့​၊ သို့မဟုတ် မနက်ဖြန်​တွင် ဤ​မြို့၊ သို့မဟုတ် ထို​မြို့​သို့​သွား​၍ ထို​အရပ်​၌ တစ်​နှစ်​ပတ်လုံး​နေ​လျက် ကူးသန်းရောင်းဝယ်​ကာ အမြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ 14သင်​တို့​သည် မနက်ဖြန် မည်သို့​ဖြစ်​မည်​ကို မ​သိ​ကြ။#သု 27:1။ သင်​တို့​၏​အသက်​သည် မည်သို့​သော​အရာ​ဖြစ်​သနည်း။ သင်​တို့​သည် ခေတ္တ​ခဏ​ပေါ်လာ​ပြီးနောက် ပျောက်ကွယ်​သွား​တတ်​သော အခိုးအငွေ့​ဖြစ်​ကြ​၏။ 15ထို့ကြောင့် “ထာဝရ​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​တို့​သည် အသက်ရှင်​၍ ဤ​အမှု​၊ သို့မဟုတ် ထို​အမှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။ 16သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။ 17သို့ဖြစ်၍ မည်သူမဆို ကောင်း​သော​အမှု​ကို​လုပ်ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အတွက်​အပြစ်​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယာကုပ်ဩဝါဒစာ 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။