YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 3

3
နှုတ်လျှာစောင့်စည်းခြင်း
1ငါ့​ညီအစ်ကို​တို့၊ ဆရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို၍​တင်းကျပ်​သော​တရား​စီရင်​ခြင်း​ကို​ခံရ​မည်​ဖြစ်​ကြောင်း သိမှတ်​လျက် ဆရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။ 2အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။
3ငါ​တို့​ကို​နာခံ​စေရန် မြင်း​၏​ပါးစပ်​ထဲသို့ ဇက်​ခွံ့​သောအခါ သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ငါ​တို့​လှည့်​နိုင်​၏။ 4သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထိုမျှလောက်​ကြီးမား​၍ လေပြင်း​တိုက်​ရာ​သို့​လွင့်ပါ​တတ်​သော်လည်း သေးငယ်​သော​တက်မ​အားဖြင့် တက်မကိုင်​အလိုရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။ 5ထိုနည်းတူ လျှာ​သည်​လည်း သေးငယ်​သော​အင်္ဂါ​အစိတ်အပိုင်း​ဖြစ်​သော်လည်း အလွန်​ဝါကြွား​တတ်​၏။ မည်မျှလောက်​သေးငယ်​သော​မီး​သည် မည်မျှလောက်​ကြီးမား​သော​သစ်တော​ကို​မီးစွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။ 6လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။
7လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။ 8သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။
9ငါ​တို့​သည် လျှာ​ဖြင့် ခမည်းတော်​ဖြစ်​တော်မူ​သော​ထာဝရ​ဘုရား​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လျက် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ​ဖန်ဆင်း​ခံရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်ဆဲ​တတ်​ကြ​၏။ 10နှုတ်​တစ်​ခု​ထဲမှ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ကျိန်ဆဲ​ခြင်း​တို့ ထွက်လာ​တတ်​သည်​တကား။ ငါ့​ညီအစ်ကို​တို့၊ ဤသို့​မ​ဖြစ်​သင့်​ပေ။ 11စမ်းရေ​ပေါက်​တစ်ခု​ထဲမှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သလော။ 12ငါ့​ညီအစ်ကို​တို့၊ သဖန်းပင်​သည် သံလွင်​သီး​များ​ကို သီး​နိုင်​သလော။ စပျစ်​ပင်​သည် သဖန်းသီး​များ​ကို သီး​နိုင်​သလော။ ထို့အတူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်ပေါ်​စေ​နိုင်​ပေ။
အထက်အရပ်မှလာသောဉာဏ်ပညာ
13သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။ 14သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။ 15ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။ 16အကြောင်းမူကား မနာလို​ခြင်း​နှင့်​တစ်ကိုယ်ကောင်းဆန်​ခြင်း​ရှိ​သော​နေရာ​တွင် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့် ဆိုးညစ်​သော​အမှု​အမျိုးမျိုး​တို့​ရှိ​တတ်​၏။
17သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။ 18ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အသီး​၏​မျိုးစေ့​ကို ငြိမ်းချမ်း​စွာ​ကြဲ​တတ်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယာကုပ်ဩဝါဒစာ 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။