YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 2

2
မျက်နှာလိုက်ခြင်းမရှိကြနှင့်
1ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။ 2သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ 3သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင် 4သင်​တို့​သည် အချင်းချင်း​ကြား​၌ လူတန်းစား​ခွဲခြား​၍ မကောင်း​သော​တွေးတော​ကြံစည်​မှု​တို့​ဖြင့် တရား​စီရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။
5ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။ 6သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။ 7သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။
8သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”#မ 22:39၊ မာ 12:31၊ လု 10:27၊ ဝတ် 19:18။​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။ 9သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။ 10အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။ 11အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”#ထွ 20:13-14၊ တရား 5:17-18။​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။
12ထို့ကြောင့် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​တရား​တော်​အားဖြင့် စီရင်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ပြောဆို​ကျင့်ကြံ​ကြ​လော့။ 13အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။
ယုံကြည်ခြင်းနှင့်လက်တွေ့လုပ်ဆောင်ခြင်း
14ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။ 15ညီအစ်ကို​၊ သို့မဟုတ် ညီအစ်မ​သည် အဝတ်မပါ​အချည်းစည်း​နေ​လျက် နေ့စဉ်​လိုအပ်​သော​အစားအစာ​လည်း မ​ရှိ​သောအခါ 16သင်​တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ​သွား​ကြ​လော့။ နွေးထွေး​စွာ​နေ​၍ ဝလင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်ခန္ဓာ​အတွက် လိုအပ်​သော​အရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ 17ထိုနည်းတူ ယုံကြည်​ခြင်း​သည်​လည်း လုပ်ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်သက်​သာ​ဆို​လျှင် အသေ​ဖြစ်​၏။
18သို့သော် “သင်​၌​ယုံကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်ဆောင်​မှု​ရှိ​သည်”​ဟု အချို့​သော​သူ​က ပြောဆို​လိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်​မှု​ကင်း​သော သင်​၏​ယုံကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ​၏​ယုံကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။ 19ဘုရားသခင်​တစ်ဆူတည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံကြည်​၏။ ကောင်း​ပေ​၏။ နတ်ဆိုး​တို့​ပင် ယုံကြည်​၍ ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။
20အို လူမိုက်၊ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည် အကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သလော။ 21ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ 22ယုံကြည်​ခြင်း​သည် သူ​၏​လုပ်ဆောင်​မှု​နှင့်အတူ​အမှုပြု​၍ ထို​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​ခြင်း​သည် စုံလင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိမြင်​ရ​၏။ 23ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”#ရော 1:17၊ 3:22,26,28,30၊ 4:3,5,9,22,24၊ 5:1၊ 10:4၊ ဂလ 2:16၊ 3:6,8,24၊ ဖိ 3:9၊ ဟေဗြဲ 11:4၊ က 15:6။​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။ 24လူ​သည် ယုံကြည်​ခြင်း​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​သိမြင်​ရ​ကြ​၏။
25ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ 26အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယာကုပ်ဩဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။