YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ယေရှု​ခရစ်တော်​၏​တမန်တော်​ငါ​ပေတရု​သည် ပုန္တု​ပြည်၊ ဂလာတိ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ အာရှ​ပြည်​နှင့် ဗိသုနိ​ပြည်​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သည့်​အာဂန္တု​များ​တည်းဟူသော 2ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။
အသက်ရှင်သောမျှော်လင့်ခြင်း
3ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊ 4သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​ထိန်းသိမ်း​ထား​သည့် ယိုယွင်း​ပျက်စီး​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် မှေးမှိန်​ခြင်း​တို့​မ​ရှိ​သော အမွေ​တော်​ထဲသို့​လည်းကောင်း အသစ်​တစ်ဖန်​မွေးဖွား​စေ​တော်မူ​၏။ 5သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။ 6သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။ 7ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။ 8သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ 9ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​အကျိုး​ရလဒ်​တည်းဟူသော စိတ်​ဝိညာဉ်​ကယ်တင်​ခြင်း​ကို ရရှိ​ကြ​သောကြောင့်​ဖြစ်​၏။
10သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။ 11သူ​တို့​အထဲ၌​ရှိ​သော ခရစ်တော်​၏​ဝိညာဉ်​တော်​သည် ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​နှင့် ထို​ဝေဒနာ​များ​နောက်တွင်​ဖြစ်လာ​မည့် ဘုန်း​အသရေ​တို့​အကြောင်း​ကို ကြိုတင်​သက်သေခံ​သောအခါ မည်သူ​၊ သို့မဟုတ် မည်သည့်​အချိန်​ကို​ဆိုလို​ကြောင်း သူ​တို့​စူးစမ်း​လေ့လာ​ကြ​၏။ 12ထိုအခါ သူ​တို့​ပြုစု​သော​အရာ​တို့​သည် မိမိ​တို့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​ဖြစ်ကြောင်း သူ​တို့​အား​ဖွင့်ပြ​တော်မူ​၏။ ယခု ထို​အရာ​တို့​သည် ကောင်းကင်​ဘုံ​မှ​စေလွှတ်​ခြင်း​ခံရ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သော​သူ​များ​မှတစ်ဆင့် သင်​တို့​ထံ ဖော်ပြ​ခြင်း​ခံရ​ပြီ။ ကောင်းကင်​တမန်​တို့​ပင်လျှင် ထို​အရာ​တို့​ကို​ကြည့်ရှု​ရန် အလွန်​အလိုရှိ​ကြ​၏။
သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်ရန် တိုက်တွန်းနှိုးဆော်ခြင်း
13သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။ 14ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍ 15သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​သည် သန့်ရှင်း​တော်မူ​သည့်​နည်းတူ သင်​တို့​ကိုယ်တိုင်​လည်း အသက်ရှင်​နေထိုင်​မှု​ရှိသမျှ​တို့​၌ သန့်ရှင်း​ခြင်း​ရှိ​ကြ​လော့။ 16အဘယ်ကြောင့်​ဆိုသော် “ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်”#ဝတ် 11:44-45၊ 19:2၊ 20:7။​ဟု ရေး​ထား​၏။
17သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်#တ 10:34၊ ရော 2:11၊ ဧ 6:9၊ ကော 3:25၊ တရား 10:17၊ ၆ရာ 19:7။​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။ 18အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ 19အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။ 20ကိုယ်တော်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် သိမှတ်​ခွဲခန့်​ထား​ခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံး​သော​အချိန်​ကာလ​၌ သင်​တို့​အတွက်​ပေါ်ထွန်း​တော်မူ​၏။ 21ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။
22သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။ 23သင်​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော​မျိုးစေ့​အားဖြင့်​မ​ဟုတ်​ဘဲ ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုးစေ့​တည်းဟူသော အသက်ရှင်​၍ အစဉ်​တည်မြဲ​သည့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွား​စေ​ခြင်း​ကို​ခံရ​ကြ​ပြီ။ 24အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။ 25ထာဝရ​ဘုရား​၏​နှုတ်ကပတ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​၏။ ဤ​နှုတ်ကပတ်တော်​သည် သင်​တို့​အား​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ပင်​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာပထမစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ