YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 2

2
အသက်ရှင်သောကျောက်၊ သန့်ရှင်းသောလူမျိုး
1ထို့ကြောင့် မကောင်းမှု​အမျိုးမျိုး​နှင့်တကွ ရှိသမျှ​သော​စဉ်းလဲ​ခြင်း၊ သူတော်ကောင်း​ယောင်ဆောင်​ခြင်း၊ မလိုမုန်းထား​ခြင်း​နှင့် ပုတ်ခတ်​ပြောဆို​ခြင်း​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ 2-3သခင်​ဘုရား​သည် ကျေးဇူးပြု​တော်မူ​ကြောင်း သင်​တို့​မြည်းစမ်း​ကြ​ပြီ​ဖြစ်၍ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​အားဖြင့် ကယ်တင်​ခြင်း​၌​ကြီးထွား​ရန် မွေးကင်းစ​ကလေးငယ်​များ​ကဲ့သို့ ထို​နို့ရည်​ကို​တောင့်တ​ကြ​လော့။
4လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍ 5သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။ 6အဘယ်ကြောင့်​ဆိုသော် “ကြည့်ရှု​လော့။ ရွေးကောက်​ထား​သည့် အဖိုးထိုက်​သော​ထောင့်ချုပ်​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် မည်သည့်​အခါ​မျှ အရှက်ရ​လိမ့်မည်​မ​ဟုတ်”#ရော 9:33၊ 10:11၊ ဟေရှာ 28:16။​ဟု ကျမ်းစာ​၌ ဆို​ထား​၏။ 7သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး 8“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။
9သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။ 10သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။
ကောင်းသောအမှုပြုရန် တိုက်တွန်းနှိုးဆော်ခြင်း
11ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 12လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။
13လူ​တို့​စီရင်​ခန့်ထား​သော​အုပ်ချုပ်​မှု​စနစ်​အားလုံး​ကို သခင်​ဘုရား​၏​မျက်နှာ​တော်​ကို​ထောက်၍ နာခံ​ကြ​လော့။ အထွတ်အမြတ်​ဖြစ်​သော​ရှင်ဘုရင်​ကို​ဖြစ်စေ၊ 14ဒုစရိုက်​ပြု​သူ​များ​ကို ပြစ်ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်ပြု​ချီးမွမ်း​ရန် ရှင်ဘုရင်​စေလွှတ်​သော​ဘုရင်ခံ​များ​ကို​ဖြစ်စေ နာခံ​ကြ​လော့။ 15အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​ခြင်း​အားဖြင့် မိုက်မဲ​သော​သူ​တို့​၏​အသိဉာဏ်​ကင်းမဲ့​မှု​ကို တိတ်ဆိတ်​စေ​ခြင်း​သည် ဘုရားသခင်​၏​အလို​တော်​ဖြစ်​၏။ 16လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။ 17လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။#သု 24:21။
သခင်များအပေါ် အစေခံတို့၏နာခံမှု
18အစေခံ​တို့၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​အပြည့်အဝ​ဖြင့် သင်​တို့​၏​သခင်​များ​ကို​နာခံ​ကြ​လော့။ စိတ်သဘော​ကောင်း​၍ ညင်သာ​သော​သခင်​များ​ကို​သာ​မ​ဟုတ်​ဘဲ ကြမ်းတမ်း​ခက်ထန်​သော​သခင်​များ​ကို​လည်း နာခံ​ကြ​လော့။ 19အကြောင်းမူကား မည်သူမဆို မတရား​သဖြင့် ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောအခါ ဘုရားသခင်​နှင့်ဆိုင်သော​အသိစိတ်​ကို​ထောက်​၍ ဝမ်းနည်း​ခြင်း​ကို​သည်းခံ​လျှင် ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။ 20သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။ 21အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။ 22ကိုယ်တော်​သည် အပြစ်​ကို​မ​ပြု။ ကိုယ်တော်​၏​နှုတ်​တော်​၌ မုသား​ကို​မ​တွေ့​ရ။#ဟေရှာ 53:9။ 23ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။ 24ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။#ဆာ 103:3၊ ဟေရှာ 53:5။ 25သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာပထမစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။