YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 3

3
ဇနီးသည်များနှင့်ခင်ပွန်းသည်များ
1-2ထိုနည်းတူ ဇနီးသည်​တို့၊ မိမိ​တို့​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ သို့ပြုလျှင် အချို့​သော​ခင်ပွန်းသည်​တို့​သည် နှုတ်ကပတ်​တရား​ကို​မ​ယုံကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်ရွံ့​ရိုသေ​မှု​နှင့် သန့်ရှင်း​စင်ကြယ်​သော​အသက်ရှင်​နေထိုင်​မှု​ကို​မြင်​လျက် ဇနီးသည်​၏​စကား​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​နေထိုင်​မှု​အားဖြင့် ပြောင်းလဲ​လာ​ကြ​လိမ့်မည်။ 3သင်​တို့​၏​တန်ဆာဆင်​ခြင်း​သည် ဆံပင်​ကျစ်​ခြင်း၊ ရွှေ​တန်ဆာ​ဆင်မြန်း​ခြင်း၊ အဝတ်အစား​များ​ဖြင့်​ဆင်ယင်​ခြင်း​တည်းဟူသော အပြင်ပန်း​တန်ဆာဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ 4နူးညံ့​သိမ်မွေ့​၍ တည်ငြိမ်​သည့်​စိတ်သဘော​တည်းဟူသော ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်နှလုံး​နှင့်ဆိုင်သော အတွင်း​ဝိညာဉ်​လူ​၏​တန်ဆာဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤသည်ကား ဘုရားသခင်​ရှေ့​တော်​၌ အလွန်​အဖိုးထိုက်​သော​အရာ​ဖြစ်​၏။ 5ဘုရားသခင်​ကို​မျှော်လင့်​အားထား​သော သန့်ရှင်း​သည့် ရှေး​ကာလ​မှ​အမျိုးသမီး​တို့​သည်​လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်​ကြ​ကာ စာရာ​သည် အာဗြဟံ​ကို သခင်​ဟု​ခေါ်​လျက် နာခံ​သကဲ့သို့ မိမိ​တို့​၏​ခင်ပွန်းသည်​များ​ကို နာခံ​ခဲ့​ကြ​၏။ 6သင်​တို့​သည်​လည်း မည်သည့်​ခြောက်လှန့်​မှု​ကို​မျှ​မ​ကြောက်ရွံ့​ဘဲ ကောင်း​သော​အမှု​ကို​ပြု​လျှင် စာရာ​၏​သားသမီး​များ​ဖြစ်​ကြ​၏။
7ထိုနည်းတူ ခင်ပွန်းသည်​တို့၊ ဇနီးသည်​သည် မိန်းမသား​ဖြစ်​ပြီး သင်​တို့​ထက် အားနည်း​သော​သူ​ဖြစ်​ကြောင်း သိရှိ​နားလည်​၍ အသက်​နှင့်ဆိုင်သော​ကျေးဇူး​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​အဖြစ် တန်ဖိုးထား​လျက် အတူတကွ​ပေါင်းသင်း​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​၏​ဆုတောင်း​ချက်​များ တားဆီး​ခြင်း​မ​ခံရ​မည့်​အကြောင်း​တည်း။
မကောင်းမှုမပြုကြနှင့်
8နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။ 9သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။#ရော 12:7၊ ၁သက် 5:15၊ သု 20:22၊ 24:29။ 10အကြောင်းမူကား အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​နေ့ရက်​တို့​ကို တွေ့မြင်​လို​သော​သူ​သည် မိမိ​လျှာ​ကို​ချုပ်တည်း​၍ မကောင်း​သော​စကား​နှင့်​ကင်းလွတ်​စေ။ မိမိ​နှုတ်​ကို​လည်း​ချုပ်တည်း​၍ မုသား​မ​ပြော​မိ​စေ​နှင့်။ 11မကောင်း​သော​အမှု​ကို​ရှောင်ရှား​လျက် ကောင်း​သော​အမှု​ကို​ပြု​စေ။ ငြိမ်သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရရှိ​ရန်​ကြိုးစား​စေ။ 12အဘယ်ကြောင့်​ဆိုသော် ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​တော်မူ​၍ သူ​တို့​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၏။ သို့သော် မကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​ထံမှ ထာဝရ​ဘုရား​သည် မျက်နှာ​လွှဲ​တော်မူ​၏။#ဆာ 34:15-16။
ဖြောင့်မတ်ခြင်းကြောင့်ခံစားရသောဒုက္ခဝေဒနာ
13သင်​တို့​သည် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​လျှင် မည်သူ​သည် သင်​တို့​ကို အန္တရာယ်​ပြု​မည်နည်း။ 14သို့သော် ဖြောင့်မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်းခြောက်​မှု​ကြောင့် ကြောက်ရွံ့​ခြင်း​နှင့်​တုန်လှုပ်​ချောက်ချား​ခြင်း​မ​ရှိ​ဘဲ 15သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။ 16သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။ 17အကြောင်းမူကား ဘုရားသခင်​အလို​တော်​ရှိ​လျှင် မကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​ထက် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​သည် သာ၍​ကောင်း​၏။ 18အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက် 19ထို​အခြေအနေ​၌​ပင် အကျဉ်းချ​ခံရ​သော​ဝိညာဉ်​များ​ထံသို့ သွား​၍ တရားဟော​တော်မူ​၏။ 20ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ 21ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။ 22ခရစ်တော်​သည် ကောင်းကင်​ဘုံ​သို့​ကြွ​တော်မူ​၍ ကောင်းကင်​တမန်​များ၊ အာဏာစက်​များ​နှင့် တန်ခိုး​တို့​ကို မိမိ​လက်အောက်​၌​ချ​ထား​လျက် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ရှိ​နေ​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာပထမစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။