YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 4

4
ခရစ်တော်နောက်လိုက်ခြင်း
1ခရစ်တော်​သည် ကိုယ်ကာယ​၌ ထိုသို့ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ဖြစ်၍ သင်​တို့​သည်​လည်း ထိုသို့​သော​သဘောထား​မျိုး​ကို လက်နက်​အဖြစ် စွဲကိုင်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကိုယ်ကာယ​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​သည် အပြစ်​နှင့်​ပြတ်စဲ​ပြီ​ဖြစ်​၏။ 2ဤသည်ကား ကိုယ်ကာယ​၌​အသက်ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အချိန်​ကာလ​ကို လူ​တို့​၏​တပ်မက်​ခြင်း​အားဖြင့် မ​ဟုတ်​တော့​ဘဲ ဘုရားသခင်​၏​အလို​တော်​အားဖြင့် အသက်ရှင်​နိုင်​ရန်​ဖြစ်​၏။ 3အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။ 4ယခု​မှာ သင်​တို့​သည် ထိုကဲ့သို့သော​လွန်ကဲ​သည့်​အပျော်ကြူး​ခြင်း​၌ သူ​တို့​နှင့်အတူ​မ​ပါဝင်​ကြ​သောကြောင့် သူ​တို့​သည် အံ့ဩ​လျက် စော်ကား​ပြောဆို​ကြ​၏။ 5သူ​တို့​သည် အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တရား​စီရင်​ရန် အသင့်​ရှိ​တော်မူ​သော​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​လိမ့်မည်။ 6ဤ​အကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။ ဤသည်ကား သူ​တို့​သည် သွေးသား​၌ လူသား​အနေဖြင့် တရား​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ဝိညာဉ်​၌​မူကား ဘုရားသခင်​အားဖြင့် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။
နောက်ဆုံးကာလ လူ့ကျင့်ဝတ်များ
7ခပ်သိမ်း​သော​အရာ​တို့​၏​နောက်ဆုံး​ချိန် နီးကပ်​လာ​ပြီ​ဖြစ်၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​နိုင်​ရန် တည်ငြိမ်​မှန်ကန်​သော​စိတ်​နှင့် သမ္မာသတိ​ရှိ​ကြ​လော့။ 8ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍#သု 10:12။ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။ 9ညည်းညူ​ခြင်း​မ​ရှိ​ဘဲ အချင်းချင်း​ဧည့်ဝတ်​ကျေပွန်​ကြ​လော့။ 10သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။ 11ဟောပြော​သော​သူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​အတိုင်း​ဟောပြော​စေ။ အမှု​တော်​ဆောင်ရွက်​သော​သူ​သည် ဘုရားသခင်​ပြင်ဆင်​ပေး​တော်မူ​သော​အစွမ်းသတ္တိ​အတိုင်း​ဆောင်ရွက်​စေ။ ဤသည်ကား ဘုရားသခင်​သည် ခပ်သိမ်း​သော​အရာ​တို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​တည်း။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။
ခရစ်ယာန်တို့ခံစားရသောဒုက္ခဝေဒနာများ
12ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ 13ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​၌ ပါဝင်​ရ​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့။ ဤသည်ကား ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​သော​အချိန်​၌ သင်​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​ကြ​မည့်​အကြောင်း​တည်း။ 14သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။ 15သင်​တို့​တွင် လူသတ်သမား​အဖြစ်​ဖြစ်စေ၊ သူခိုး​အဖြစ်​ဖြစ်စေ၊ ဒုစရိုက်​ပြု​သူ​အဖြစ်​ဖြစ်စေ၊ သူတစ်ပါး​အမှု​၌ ဝင်ရောက်​စွက်ဖက်​သူ​အဖြစ်​ဖြစ်စေ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေ​နှင့်။ 16သို့သော် တစ်စုံတစ်ဦး​သည် ခရစ်ယာန်​အဖြစ် ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျှင် ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ထို​အမည်​နာမ​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ပါစေ။ 17အကြောင်းမူကား တရား​စီရင်​ခြင်း​ကို ဘုရားသခင်​၏​အိမ်​တော်​မှ အစပြု​မည့်​အချိန်​ရောက်​လေ​ပြီ။ ထိုသို့ ငါ​တို့​ထံမှ အစပြု​မည်​ဆို​လျှင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်နည်း။ 18ထို့အတူ ဖြောင့်မတ်​သော​သူ​ပင် ခဲယဉ်း​စွာ ကယ်တင်​ခြင်း​ခံရ​သည်​ဆိုလျှင် ဘုရား​တရား​မဲ့​သော​သူ​နှင့်​အပြစ်သား​တို့​သည် မည်သို့​ဖြစ်​သွား​မည်နည်း။#သု 11:31။
19ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာပထမစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။