YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 5

5
အသင်းတော်လူကြီးများနှင့်လူငယ်များအတွက် တိုက်တွန်းနှိုးဆော်ချက်
1သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။ 2သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။ 3သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။ 4သို့ပြုလျှင် သိုးထိန်း​ကြီး​ပေါ်ထွန်း​တော်မူ​သောအခါ မှေးမှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့်​သရဖူ​ကို သင်​တို့​ရရှိ​ကြ​လိမ့်မည်။
5ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။#မ 23:12၊ လု 14:11၊ 18:14၊ ယာ 4:6၊ ဆာ 138:6၊ သု 3:34။ 6ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ 7ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။#ဆာ 55:22။
နိဂုံး
8သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။ 9ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။
10သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။ 11တန်ခိုး​အရှိန်အဝါ​သည် ကိုယ်တော်​၌ ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။
12ငါ​သည် သစ္စာရှိ​သော​ညီအစ်ကို​အဖြစ် ငါ​သတ်မှတ်​သော သိလွာနု​မှတစ်ဆင့် စာ​အနည်းငယ်​ရေး​လိုက်​ခြင်း​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ကာ ဤ​အရာ​သည် ဘုရားသခင်​၏​စစ်မှန်​သော​ကျေးဇူး​တော်​ဖြစ်​ကြောင်း သက်သေခံ​၏။ သင်​တို့​သည် ဤ​ကျေးဇူး​တော်​၌ ရပ်တည်​ကြ​လော့။
13သင်​တို့​နည်းတူ ရွေးချယ်​တော်မူ​ခြင်း​ခံရ​သော ဘေဘီလုံ​မြို့​ရှိ​အသင်းတော်​နှင့် ငါ့​သား​မာကု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ 14အချင်းချင်း​မေတ္တာ​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၌​ရှိ​ကြ​သော သင်​တို့​အားလုံး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာပထမစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။