YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ဘုရားသခင်​နှင့်​ငါ​တို့​၏​သခင်​ယေရှု​ကို သိ​ခြင်း​အားဖြင့် ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။
ယုံကြည်ခြင်း၌ကြီးထွားရင့်ကျက်ခြင်း
3ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။ 4ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။
5ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊ 6အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊ 7ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။ 8အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ 9ထို​ပါရမီ​များ​မ​ရှိ​သော​သူ​မူကား မျက်စိ​မမြင်​သော​သူ၊ အဝေးမှုန်​သော​သူ​ဖြစ်​ပြီး ယခင်​ပြု​ခဲ့​သော​မိမိ​အပြစ်​များ စင်ကြယ်​စေ​ခြင်း​ခံရ​သည်​ကို မေ့လျော့​နေ​၏။
10ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။ 11ထို့ပြင် ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​ယေရှု​ခရစ်တော်​၏​ထာဝရ​နိုင်ငံ​တော်​ထဲသို့ ဝင်စား​ရ​သော​အခွင့်​ကို သင်​တို့​သည် ကြွယ်ဝ​စွာ​ရရှိ​ကြ​လိမ့်မည်။
12ထို့ကြောင့် သင်​တို့​သည် ဤ​အကြောင်းအရာ​များ​ကို​သိရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာတရား​၌ ခိုင်ခံ့​မြဲမြံ​ကြ​ပြီ​ဖြစ်​သော်လည်း ၎င်း​တို့​နှင့်​ပတ်သက်၍ သင်​တို့​ကို အစဉ်​သတိပေးနှိုးဆော်​ရန် ငါ​ကြံရွယ်​ထား​၏။ 13ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သမျှ​ကာလ​ပတ်လုံး ထိုသို့​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​ကို​နိုးကြား​တက်ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်ယူ​ထား​၏။ 14အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​သည်​လည်း ငါ့​အား​ဖော်ပြ​တော်မူ​သည့်​အတိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မကြာမီ​ချွတ်ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ 15ဤ​လောက​မှ ငါ​ထွက်ခွာ​သွား​ပြီး​နောက်တွင်​လည်း ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အစဉ်အမြဲ​သတိရ​စေရန် ငါ​ကြိုးစား​မည်။
ခိုင်လုံသောပရောဖက်စကား
16အကြောင်းမူကား ငါ​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တန်ခိုး​တော်​နှင့် ကြွလာ​တော်မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြောပြ​သောအခါ ပါးနပ်​စွာ​ဖန်တီး​ထား​သော​ဒဏ္ဍာရီ​များ​ကို အသုံးပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အရှင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို ကိုယ်တိုင်​မြင်တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။ 17အကြောင်းမူကား ခမည်းတော်​ဘုရားသခင်​ထံမှ ဂုဏ်​တော်​နှင့်​ဘုန်း​တော်​ကို ကိုယ်တော်​ခံယူ​တော်မူ​စဉ် ကြီးမြတ်​သော​ဘုန်း​အသရေ​ထဲမှ “ဤ​သူ​ကား ငါ​ချစ်​သော ငါ့​သား​ပေတည်း။ သူ့​ကို ငါ​နှစ်သက်​၏”#မ 17:5၊ မာ 9:7၊ လု 9:35၊ ဟေရှာ 42:1။​ဟူသော​အသံ​တော်​သည် ကိုယ်တော်​ထံသို့​ရောက်ရှိ​လာ​၏။ 18ငါ​တို့​သည် သန့်ရှင်း​သော​တောင်​ပေါ်တွင် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​စဉ် ကောင်းကင်​မှ​ရောက်လာ​သော ထို​အသံ​တော်​ကို​ကြား​ရ​ကြ​၏။
19ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။ 20ကျမ်းစာ​၌​ပါ​သော ပရောဖက်ပြု​ဟောပြော​ချက်​အားလုံး​သည် လူ​တစ်ဦးတစ်ယောက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆို​ချက်​မ​ဟုတ်​ကြောင်း ဦးစွာ​သိမှတ်​ရ​မည်။ 21အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။