YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 60

60
ဇိအုန်မြို့တွင်ထွန်းလင်းသော ထာဝရဘုရား၏ဘုန်းအသရေတော်
1ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။ 2ကြည့်ရှု​လော့​။ မှောင်မိုက်​သည် မြေကြီး​ကို​လည်းကောင်း​၊ အမှောင်ထု​သည် လူ​တို့​ကို​လည်းကောင်း ဖုံးလွှမ်း​မည်​။ သို့သော်လည်း ထာဝရဘုရား​သည် သင့်​ထံ၌ ပေါ်ထွန်း​တော်မူ​မည်​။ ဘုန်းအသရေ​တော်​သည် သင်​၌​ထင်ရှား​မည်​။ 3လူမျိုးတကာ​တို့​သည် သင်​၏​အလင်း​သို့​လည်းကောင်း​၊ ရှင်ဘုရင်​တို့​သည် သင်​၌ ထွန်းလင်း​သော​ရောင်ခြည်​သို့​လည်းကောင်း လာ​ကြ​လိမ့်မည်​။ 4ပတ်ပတ်လည်​သို့​မျှော်ကြည့်​လော့​။ လူ​အပေါင်း​တို့​သည်​စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ သင်​၏​သား​တို့​သည် အဝေး​က​လာ​၍ သင်​၏​သမီး​တို့​ကို ပွေ့​ချီလာ​ကြ​မည်​။ 5သင်​သည် မြင်​၍ ဝမ်းသာ​ပီတိ​ဖြစ်​မည်​။ ဝမ်းမြောက်ဝမ်းသာ​ဖြစ်၍ စိတ်​လှုပ်ရှား​မည်​။ အကြောင်းမူကား ပင်လယ်​၏​စည်းစိမ်ဘဏ္ဍာ​သည် သင့်​ထံသို့​လှည့်လာ​၍ လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​သည် သင့်​ထံသို့​ရောက်လာ​မည်​။ 6မိဒျန်​ပြည်​နှင့်​ဧဖာ​ပြည်​တို့​မှ ကုလားအုတ်ပျို​အလုံးအရင်း​တို့​သည် သင့်​ပြည်​၌ ပြည့်လျှံ​လိမ့်မည်​။ ရှေဘ​ပြည်သား​အပေါင်း​တို့​သည် ရွှေ​နှင့်​လော်ဗန်​ကို​ယူဆောင်​လာ​၍ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​။ 7ကေဒါ​ပြည်​၏​သိုးစု​ရှိသမျှ​တို့​သည် သင့်​ထံ၌​စုဝေး​လိမ့်မည်​။ နဗာယုတ်​ပြည်​၏​သိုးထီး​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​၍ လက်ခံဖွယ်​ရာ​ယဇ်​အဖြစ် ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့ တက်​ကြ​ရ​လိမ့်မည်​။ ငါ​သည် ဂုဏ်ကျက်သရေ​ရှိ​သော​ငါ​၏​အိမ်​တော်​ကို ဘုန်းထင်ရှား​စေ​မည်​။ 8တိမ်တိုက်​ကဲ့သို့​လည်းကောင်း​၊ အသိုက်​ရှိ​ရာ​သို့​ပျံသန်း​လာ​သော​ချိုးငှက်​ကဲ့သို့​လည်းကောင်း ပျံသန်း​လာ​ကြ​သည့် ဤ​သူ​တို့​သည် မည်သူ​တို့​နည်း​။ 9အကယ်စင်စစ် ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​ကြ​လိမ့်မည်​။ သင့်​ကို ဘုန်းထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အတွက်​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​အတွက် တာရှု​သင်္ဘော​တို့​သည် သင်​၏​သား​တို့​ကို သူ​တို့​၏​ရွှေ​ငွေ​များ​နှင့်အတူ အဝေး​မှ အဦးဆုံး​ခေါ်ဆောင်​လာ​လိမ့်မည်​။ 10တိုင်းတစ်ပါးသား​တို့​သည် သင်​၏​မြို့ရိုး​တို့​ကို​တည်ဆောက်​ကြ​ရ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​ကြ​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို အမျက်ထွက်​၍ ဒဏ်ခတ်​သော်လည်း ကရုဏာထား​၍ ကျေးဇူးပြု​ဦး​မည်​။ 11လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​ကို သင့်​ထံသို့​ယူဆောင်​လာ​နိုင်​မည့်​အကြောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​များ​ကို သင့်​ထံသို့​ခေါ်ဆောင်​လာ​နိုင်​မည့်​အကြောင်း သင်​၏​တံခါး​တို့​ကို ပိတ်​မ​ထား​ရ​၊ နေ့နေ့ညည​အစဉ်​ဖွင့်​ထား​ရ​မည်​။#ဗျာ 21:26။ 12သင်​၏​အမှု​ကို​မ​ထမ်းဆောင်​သော​လူမျိုး​ဖြစ်စေ​၊ တိုင်းနိုင်ငံ​ဖြစ်စေ ပျက်စီး​ရ​လိမ့်မည်​။ ထို​လူမျိုး​တို့​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 13ထင်းရှူးပင်​၊ တဒေရပင်​၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​တို့​သည် သင့်​ထံသို့​အတူတကွ​ရောက်လာ​ပြီး ငါ​၏​သန့်ရှင်းရာဌာန​ကို​တင့်တယ်​စေ​မည်​။ ငါ​သည် ငါ​၏​ခြေ​တင်​ရာ​အရပ်​ကို ဘုန်းကျက်သရေ​ရှိ​စေ​မည်​။ 14သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ 15သင့်​ကို​စွန့်ပစ်​မုန်းတီး​ကြ​ပြီး မည်သူ​မျှ​မ​ဖြတ်သန်း​ကြ​သော်လည်း ငါ​သည် သင့်​ကို ထာဝရ​ဂုဏ်ယူဝင့်ကြွားစရာ​၊ မျိုးဆက်အဆက်ဆက်​ပျော်ရွှင်စရာ​ဖြစ်စေ​မည်​။ 16သင်​သည် လူမျိုးတကာ​တို့​၏​နို့​ကို​စို့​ရ​လိမ့်မည်​။ ရှင်ဘုရင်​တို့​၏​သားမြတ်​ကို စို့​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင်​ဖြစ်ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။ 17ငါ​သည် ကြေးနီ​အစား ရွှေ​၊ သံ​အစား ငွေ​၊ သစ်သား​အစား ကြေးနီ​၊ ကျောက်​အစား သံ​ကို ယူ​ခဲ့​မည်​။ ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​၏​ကြီးကြပ်ကွပ်ကဲ​သူ​ဖြစ်စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို သင်​၏​အုပ်ချုပ်သူ​ဖြစ်​စေ​မည်​။ 18သင်​၏​ပြည်​၌ ရက်စက်ကြမ်းကြုတ်မှု​အကြောင်း​၊ သင်​၏​နယ်နိမိတ်​အတွင်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​အကြောင်း ကြား​ရ​တော့​မည်​မ​ဟုတ်​။ သင်​၏​မြို့ရိုး​တို့​ကို “​ကယ်တင်​ခြင်း​”​၊ သင်​၏​မြို့​တံခါး​တို့​ကို “​ချီးမွမ်း​ခြင်း​”​ဟူ၍ သင်​ခေါ်ဆို​လိမ့်မည်​။ 19နေ့​အချိန် သင်​ရ​သော​အလင်း​သည် နေ​၏​အလင်း​မ​ဟုတ်​တော့​ပေ​။ တောက်ပ​သော​လ​သည်​လည်း သင့်​အပေါ်​ထွန်းလင်း​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌ ထာဝရ​အလင်း​ဖြစ်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​သည် သင်​၏​ဂုဏ်ကျက်သရေ​ဖြစ်​တော်မူ​မည်​။ 20သင်​၌ နေ​ဝင်​ခြင်း​၊ လ​ကွယ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌​ထာဝရ​အလင်း​ဖြစ်​တော်မူ​၍ သင်​ငိုကြွေးမြည်တမ်း​ရ​သော​နေ့ရက်​တို့ အဆုံးသတ်​လေ​ပြီ​။ 21သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။ 22လူ​အနည်းငယ်​သည် လူ​တစ်ထောင်​ဖြစ်လာ​မည်​။ အားနည်း​သော​လူမျိုး​သည် အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ငါ​ထာဝရဘုရား​သည် အချိန်တန်​လျှင် ထို​အရာ​ကို အလျင်အမြန်​ဖြစ်စေ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 60: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။