ဟေရှာယအနာဂတ္တိကျမ်း 59
59
အပြစ်တရားနှင့် ရွေးနုတ်ကယ်တင်ခြင်း
1ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။ 2သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။ 3သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။ 4တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။ 5သူတို့သည် မြွေပွေးဥများကိုပေါက်စေ၏။ ပင့်ကူအိမ်များကိုရက်ကြ၏။ မြွေပွေးဥများကိုစားသောသူသည် သေတတ်၏။ ဥကိုခွဲလျှင် အဆိပ်ပြင်းသောမြွေပွေးပေါက်တတ်၏။ 6သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။ 7သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။#သု 1:16၊ ရော 3:15။ 8ငြိမ်းချမ်းရာလမ်းကို သူတို့မသိကြ။ သူတို့လျှောက်ရာလမ်း၌ တရားမျှတမှုမရှိ။ မိမိတို့သွားရာလမ်းကို ကွေ့ကောက်စေကြ၏။ ကွေ့ကောက်သောလမ်းကိုလျှောက်သောသူအပေါင်းတို့သည် ငြိမ်းချမ်းခြင်းဆိုသည်ကို မသိကြ။#ရော 3:17။ 9ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။ 10ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။ 11ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။ 12အကြောင်းမူကား ငါတို့ကျူးလွန်သောအပြစ်သည် ရှေ့တော်၌များပြားလှ၏။ ငါတို့၏အပြစ်များသည် ငါတို့အကြောင်း သက်သေထွက်ဆို၏။ ငါတို့ကျူးလွန်သောအပြစ်များသည် ငါတို့နှင့်အတူရှိ၍ ငါတို့၏ဒုစရိုက်များကို ငါတို့သိကြ၏။ 13ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။ 14ထို့ကြောင့် တရားမျှတမှုသည် နောက်သို့ပြန်ဆုတ်သွား၍ ဖြောင့်မတ်ခြင်းသည် အဝေး၌ရပ်နေ၏။ သစ္စာတရားသည်လည်း လမ်း၌ခလုတ်တိုက်လဲကျ၍ မှန်ကန်ခြင်းသဘောသည်လည်း ဝင်ရောက်မလာနိုင်။ 15သစ္စာသည် ပျောက်ဆုံးသွားလေပြီ။ မကောင်းမှုကို ရှောင်ကြဉ်သောသူသည် လုယက်ခြင်းခံရပါသည်တကား။ ထိုအမှုကို ထာဝရဘုရားမြင်တော်မူ၍ တရားမျှတမှုမရှိသောကြောင့် နှစ်မြို့တော်မမူ။ 16ကိုယ်တော်သည် ကြားဝင်စေ့စပ်သောသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းကို မြင်၍ အံ့ဩတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော့်ကိုထောက်မပေး၏။ 17ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။ 18သူတို့၏လုပ်ဆောင်မှုနှင့်အညီ ရန်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့အား အကျိုးအပြစ်ကိုလည်းကောင်း ပေးဆပ်တော်မူမည်။ ကမ်းရိုးတန်းဒေသတို့အား အကျိုးအပြစ်ကို ပေးဆပ်တော်မူမည်။ 19ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။ 20ထာဝရဘုရားက “ရွေးနုတ်တော်မူသောအရှင်သည် ဇိအုန်တောင်သို့ကြွလာတော်မူမည်။ အပြစ်ကျူးလွန်ရာမှ နောင်တရသောယာကုပ်အမျိုးအနွယ်တို့ထံသို့ ကြွလာတော်မူမည်”ဟု မိန့်တော်မူ၏။
21ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 59: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative