YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 49

49
ကယ်တင်ခြင်းယူဆောင်လာသောအစေအပါး
1ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ရပ်ဝေး​ရှိ​လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ငါ​မ​မွေး​မီ​ကပင် ငါ့​ကို​ခေါ်​တော်မူ​၏​။ အမိ​ဝမ်း​ထဲ​ရှိ​စဉ်​ကပင် ငါ​၏​နာမည်​ကို​မှတ်​တော်မူ​၏​။#ဂလ 1:15။ 2ငါ​၏​နှုတ်​ကို ထက်​သော​ဓား​ကဲ့သို့​ဖြစ်စေ​တော်မူ​၏​။ လက်​တော်​အရိပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​၏​။ ချွန်ထက်​သော​မြား​ကဲ့သို့ ငါ့​ကို​ဖြစ်စေ​လျက် မြားကျည်တောက်​ထဲ၌ ငါ့​ကို​ပုန်း​နေ​စေ​တော်မူ​၏​။ 3ကိုယ်တော်​က “​အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​အားဖြင့် ငါ​ဘုန်းထင်ရှား​မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။ 4ငါ​က​လည်း “​ငါ​သည် အချည်းနှီး​ကြိုးစား​အားထုတ်​ခဲ့​ပြီ​။ ငါ့​ခွန်အား​ကို​အလဟဿ အချည်းနှီး​ကုန်​စေ​ပြီ​။ အကယ်စင်စစ် ငါ့​အတွက်​တရားမျှတမှု​သည် ထာဝရဘုရား​ထံ၌​ရှိ​၏​။ ငါ့​အတွက်​ဆုလာဘ်​သည် ငါ​၏​ဘုရားသခင်​ထံ၌​သာ​ရှိ​၏​”​ဟု ဆို​၏​။ 5ငါ့​ကို အမိ​ဝမ်း​ထဲကပင် မိမိ​၏​အစေအပါး​အဖြစ် ပုံဖော်ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့ အထံ​တော်​၌​စုဝေး​ကြ​မည့်​အကြောင်း ယာကုပ်​အမျိုး​ကို အထံ​တော်​သို့​ပြန်ခေါ်ဆောင်​လာ​ရန် မိန့်မှာ​တော်မူ​ခဲ့​၏​။ ငါ​သည် ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​၏​။ ဘုရားသခင်​သည် ငါ​၏​ခွန်အား​ဖြစ်​တော်မူ​၏​။ 6ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”#ဟေရှာ 42:6၊ တ 13:47။​ဟု မိန့်​တော်မူ​၏​။ 7အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 8ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။#၂ကော 6:2။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။ 9အချုပ်​ခံရ​သော​သူ​တို့​အား ‘​ထွက်လာ​ကြ​’​၊ အမှောင်​ထဲ၌​ရှိ​သော​သူ​တို့​အား ‘​ထွက်​ခဲ့​ကြ​’​ဟု သင်​ဆို​လိမ့်မည်​။ ထို​သူ​တို့​သည် လမ်းခရီး​တစ်လျှောက် အစာ​စား​ရ​မည်​။ တောင်ကတုံး​တို့​သည် သူ​တို့​ကျက်စား​ရာ​အရပ်​ဖြစ်​မည်​။ 10သူ​တို့​သည် ဆာလောင်​မည်​မ​ဟုတ်​၊ ရေငတ်​မည်​မ​ဟုတ်​။ အပူဒဏ်​၊ နေ​ဒဏ်​ကို​လည်း မ​ခံရ​။ အကြောင်းမူကား သူ​တို့​ကို​သနား​သော​သူ​သည် သူ​တို့​ကို​ဦးဆောင်​ပေး​လိမ့်မည်​။ စမ်းရေတွင်း​သို့ လမ်းပြ​ပေး​လိမ့်မည်​။ 11ငါ​သည် တောင်​ရှိသမျှ​တို့​ကို လမ်း​ဖြစ်စေ​မည်​။ လမ်းမကြီး​တို့​ကို​လည်း ဖို့​မည်​။ 12ကြည့်ရှု​လော့​။ သူ​တို့​သည် ရပ်ဝေး​မှ​လာ​ကြ​လိမ့်မည်​။ မြောက်အရပ်​၊ အနောက်​အရပ်#49:12 တိုက်ရိုက်ပြန်ဆိုလျှင် “ပင်လယ်”။​မှ​လည်းကောင်း​၊ သိနိမ်​ပြည်​မှ​လည်းကောင်း လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 13အို မိုးကောင်းကင်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အို မြေကြီး​၊ ရွှင်လန်း​လော့​။ အို တောင်​များ​တို့​၊ သီချင်း​ဟစ်ကြော်​သီဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို နှစ်သိမ့်​တော်မူ​မည်​။ အဖိနှိပ်​ခံရ​သော​မိမိ​လူမျိုး​တော်​ကို သနား​တော်မူ​မည်​။
ဇိအုန်မြို့ကိုမေ့လျော့တော်မမူ
14သို့သော် ဇိအုန်​မြို့​က “​ထာဝရဘုရား​သည် ငါ့​ကို​စွန့်ပယ်​တော်မူ​ပြီ​။ ဘုရားရှင်​သည် ငါ့​ကို​မေ့လျော့​တော်မူ​ပြီ​”​ဟု ဆို​လေ​ပြီ​တကား​။ 15မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။ 16ငါ​သည် သင့်​ကို ငါ​၏​လက်ဖဝါး​ပေါ်တွင် ရေးထိုး​ထား​ပြီ​။ သင်​၏​မြို့ရိုး​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​ရှိ​၏​။ 17သင်​၏​သားသမီး​တို့​သည် အလျင်အမြန်​ပြန်လာ​ကြ​ပြီ​။ သင့်​ကို​ဖြိုချ​သော​သူ​၊ သင့်​ကို​ဖျက်ဆီး​သော​သူ​တို့​သည် သင့်​ထံမှ​ထွက်သွား​ကြ​လိမ့်မည်​။ 18ပတ်ပတ်လည်​သို့ မျှော်ကြည့်​လော့​။ သူ​တို့​အားလုံး​သည် စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ ထာဝရဘုရား​က “​ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အားလုံး​ကို အဆင်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​လိမ့်မည်​။ သတို့သမီး​ကဲ့သို့ ဆင်မြန်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 19ပြိုပျက်​ခဲ့​သော​၊ လူသူကင်းမဲ့​ခဲ့​သော​၊ ဖျက်ဆီး​ခြင်း​ခံရ​သော​သင်​၏​ပြည်​သည် နေထိုင်​သူ​များ​သောကြောင့် ကျဉ်းကျပ်​လိမ့်မည်​။ သင့်​ကို ဝါးမျို​ခဲ့​သော​သူ​တို့​သည်​လည်း အဝေး​သို့​လွင့်သွား​ကြ​လိမ့်မည်​။ 20သင်​၏​အလျင်​သားသမီး​များ​ဆုံးပါး​ပြီးနောက် ထပ်မွေး​လာ​သော သားသမီး​တို့​က “​အကျွန်ုပ်​အတွက် နေရာ​ကျဉ်းကျပ်​၏​။ နေစရာ​နေရာပေး​ပါ​”​ဟု သင့်​ကို ပြော​ကြ​လိမ့်မည်​။ 21သင်​က “​မည်သူ​သည် ငါ့​အတွက် ဤ​သူ​တို့​ကို မွေးဖွား​ခဲ့​သနည်း​။ ငါ​သည် သားသမီး​များ​ဆုံးပါး​၍ သားသမီး​မ​ရ​နိုင်​သော​သူ​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​၊ အပယ်​ခံရ​သူ​ဖြစ်၏​။ ဤ​သူ​တို့​ကို မည်သူ​ကျွေးမွေးစောင့်ရှောက်​ခဲ့​သနည်း​။ ငါ​သည် တစ်ယောက်တည်း​ကျန်ရစ်​ခဲ့​၏​။ ဤ​သူ​တို့​သည် မည်သည့်​အရပ်​မှ​ရောက်လာ​ကြ​သနည်း​”​ဟု သင့်​စိတ်​ထဲ၌ တွေး​လိမ့်မည်​။ 22ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် တိုင်းနိုင်ငံ​တို့​ကို လက်​မြှောက်ပြ​မည်​။ လူမျိုးတကာ​တို့​ကို အချက်ပြအလံ ထူပြ​မည်​။ သူ​တို့​သည် သင်​၏​သား​တို့​ကို လက်#49:22 သို့မဟုတ် “ရင်ခွင်”။​ထဲ၌​ပွေ့ချီ​လာ​မည်​။ သင်​၏​သမီး​တို့​ကို ပခုံး​ပေါ်၌ ထမ်းလာ​ကြ​မည်​။ 23ရှင်ဘုရင်​တို့​သည် သင့်​ကို ကြည့်ရှု​စောင့်ရှောက်​သူ​၊ မိဖုရား​တို့​သည် သင်​၏​နို့ထိန်း ဖြစ်​ကြ​လိမ့်မည်​။ သူ​တို့​သည် မြေ​ပေါ်​မျက်နှာ​အပ်​၍ သင့်​ရှေ့​၌​ပျပ်ဝပ်​ကာ သင်​၏​ခြေ​မှ မြေမှုန့်​ကို လျက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။ ငါ့​ကို​စောင့်မျှော်​သော​သူ​တို့​သည် အရှက်​မ​ကွဲ​ရ​ကြ​”​ဟု မိန့်​တော်မူ​၏​။ 24စစ်သူရဲ တိုက်ယူ​ထား​သော​ပစ္စည်း​ကို သူ့​ထံမှ​ပြန်​တိုက်ယူ​နိုင်​မည်လော​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဖြောင့်မတ်​သူ​တို့ လွတ်မြောက်​နိုင်​မည်လော​။ 25ထာဝရဘုရား​က “​အကယ်စင်စစ် ငါ​သည် စစ်သူရဲ​ဖမ်းခေါ်​သွား​သော​သူ​ကို ဆောင်ယူ​ခဲ့​မည်​။ ကြမ်းကြုတ်​သော​သူ​ထံမှ လုယူပစ္စည်း​ကို ပြန်သိမ်းယူ​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​အား ငါ​ကိုယ်တော်တိုင် ရန်ပြု​မည်​။ သင်​၏​သားသမီး​တို့​ကို ငါ​ကိုယ်တော်တိုင် ကယ်တင်​မည်​။ 26သင့်​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​တို့​အား ကိုယ့်​အသား​ကိုယ်​ပြန်​စား​စေ​မည်​။ စပျစ်ဝိုင်​ကဲ့သို့ ကိုယ့်​သွေး​ကိုယ်​ပြန်သောက်​စေ​မည်​။ သို့ဖြစ်၍ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင် ဖြစ်ကြောင်း လူ​အပေါင်း​တို့​သိ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 49: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ