YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 48

48
အစ္စရေးလူမျိုးတို့ ဘေဘီလုံမြို့မှထွက်လာခြင်း
1အို ယာကုပ်​အမျိုးအနွယ်​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် အစ္စရေး​ဟူသော​အမည်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​၊ ယုဒ​စမ်းရေတွင်း​များ​မှ စီး​ထွက်လာ​သူ​၊ သစ္စာတရား​အားဖြင့်​မ​ဟုတ်​၊ ဖြောင့်မတ်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နာမ​တော်​ကို တိုင်တည်ကျိန်ဆို​သူ​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ ပတ္ထနာပြု​သော​သူ​၊ 2မိမိကိုယ်မိမိ သန့်ရှင်း​သော​မြို့သား​ဟု ခံယူ​သော​သူ​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု အမည်​ရှိ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို အမှီပြု​သော​သူ​တို့ ဖြစ်​ကြ​၏​။ 3ထာဝရဘုရား​က “​ယခင်​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ရှေးမဆွ​ကပင် ငါ​ပြောကြား​ခဲ့​ပြီ​။ ငါ့​နှုတ်​မှ​ထွက်ဆို​ခဲ့​ပြီ​။ ငါ​ကြားသိ​စေ​ခဲ့​ပြီ​။ ငါ​ချက်ချင်း​လုပ်ဆောင်​၍ ထို​အရာ​တို့ ဖြစ်လာ​ခဲ့​ပြီ​။ 4သင်​၏​လည်ပင်း​သည် သံချောင်း​ကဲ့သို့​၊ သင်​၏​နဖူး​သည် ကြေးဝါ​ကဲ့သို့​ဖြစ်၍ သင်​သည် ခေါင်းမာ​သော​သူ​ဖြစ်ကြောင်း ငါ​သိ​သောကြောင့် 5‘​ငါ​၏​ရုပ်တု​သည် ထို​အရာ​တို့​ကို​ပြု​ခဲ့​၏​။ ငါ​၏​သစ်သား​ရုပ်တု​၊ ကြေးရုပ်တု​တို့​သည် ထို​အရာ​တို့​ကို အမိန့်ပေး​ခဲ့​ကြ​၏​’​ဟု သင်​မ​ပြော​နိုင်​အောင် ရှေးမဆွ​ကပင် သင့်​ကို ငါ​ပြော​ခဲ့​၏​။ မ​ဖြစ်လာ​မီ​ကပင် သင့်​ကို ကြားသိ​စေ​ခဲ့​၏​။ 6သင်​ကြား​ခဲ့​ရ မြင်​ခဲ့​ရ​သော​ဤ​အမှုအရာ​အားလုံး​ကို သင်​ပြန်​မ​ပြော​ဘဲ​နေ​မည်လော​။ အသစ်​သော​အရာ​များ​၊ သင်​မ​သိ​သေး​သော ဝှက်ထား​သော​အရာ​များ​ကို ယခု​မှစ၍ သင့်​အား​ငါ​ပြောကြား​မည်​။ 7ထို​အရာ​တို့​သည် ရှေးယခင်​က​မ​ဟုတ် ယခုပင် ဖန်ဆင်း​ခြင်း​ခံရ​၏​။ ယနေ့​ထိ သင်​မ​ကြား​ဖူး​သေး​။ ထို့ကြောင့် ‘​ကြည့်ရှု​လော့​။ ထို​အရာ​တို့​ကို ငါ​သိ​နှင့်​ပြီ​’​ဟု သင်​ပြော​၍​မ​ရ​။ 8သင်​ကြား​လည်း​မ​ကြား​၊ သိ​လည်း​မ​သိ​၊ အစ​ကတည်းက သင်​နား​ပိတ်​လျက်​နေ​၏​။ သင်​သည် အလွန်​သစ္စာမဲ့​၍ ဖွားစ​ကပင် သင့်​ကို ဆန့်ကျင်ပုန်ကန်​သော​သူ​ဟု​ခေါ်​ကြ​သည်​ကို ငါ​သိ​၏​။ 9ငါ့​နာမ​ကို​ထောက်​၍ ငါ့​အမျက်​ကို ရွှေ့ဆိုင်း​မည်​။ သင့်​ကို ငါ​မ​ဖျက်ဆီး​မိ​စေရန် ငါ့​ဂုဏ်သရေ​ကို​ထောက်​၍ ငါ့​အမျက်​ကို ငါ​ထိန်းချုပ်​မည်​။ 10ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို​သန့်စင်​စေ​ခဲ့​ပြီ​။ သို့သော် ငွေ​ကဲ့သို့​မ​ဟုတ်​။ ဆင်းရဲဒုက္ခ​တည်းဟူသော​မီးပြင်းဖို​ထဲ၌ သင့်​ကို ငါ​စမ်းသပ်​၏​။ 11ငါ့​အတွက်​၊ ငါ့​အတွက်​သာလျှင် ငါ​ပြု​၏​။ ငါ့​နာမ​သည်#48:11 ဟီဘရူးမူရင်းကျမ်း၌ “ငါ့နာမသည်”မပါ။ မည်သည့်​အတွက်ကြောင့် အရှုတ်ချ​ခံ​မည်နည်း​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သူ​အား ငါ​မ​ပေး​။ 12အို ယာကုပ်​အမျိုး​၊ ငါ​ခေါ်ယူ​တော်မူ​သော အစ္စရေး​လူမျိုး​၊ ငါ့​စကား​ကို နားထောင်​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​။ ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။#ဟေရှာ 41:4၊ 44:6၊ ဗျာ 1:17၊ 2:8၊ 21:6။ 13အကယ်စင်စစ် ငါ့​လက်​ဖြင့် မြေကြီး​ကို​တည်​၏​။ ငါ့​လက်ယာ​လက်​ဖြင့် မိုးကောင်းကင်​ကို ကြက်​၏​။ ၎င်း​တို့​ကို ငါ​မိန့်​တော်မူ​လျှင် အတူတကွ​ပေါ်လာ​ကြ​၏​။ 14သင်​တို့​အားလုံး စုရုံး​၍ နားထောင်​ကြ​လော့​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​တို့​ကို ပြန်ပြော​ခဲ့​သနည်း​။ ထာဝရဘုရား ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​အလို​တော်​အတိုင်း ဘေဘီလုံ​မြို့​ကို​ပြု​မည်​။ သူ​၏​လက်​သည် ခါလဒဲ​လူမျိုး​ကို ဆန့်ကျင်​မည်​။ 15ငါ​ကိုယ်တော်တိုင် မိန့်မြွက်​ပြီ​။ အကယ်စင်စစ် သူ့​ကို ငါ​ခေါ်​ပြီ​။ သူ့​ကို ငါ​ဆောင်​ခဲ့​ပြီ​။ သူ​သွား​ရာ​လမ်း​သည် အောင်မြင်​လိမ့်မည်​။ 16ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။ 17အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ 18သင်​သည် ငါ​၏​ပညတ်ချက်​တို့​ကို အာရုံစိုက်​နားထောင်​ခဲ့​လျှင် သင်​၏​ကောင်းကျိုးချမ်းသာ​သည် မြစ်ရေ​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် ပင်လယ်​လှိုင်း​ကဲ့သို့​ဖြစ်​မည်​။ 19သင်​၏​အမျိုးအနွယ်​သည် သဲပွင့်​ကဲ့သို့ များပြား​မည်​။ သင်​၏​သားမြေး​တို့​သည် သဲလုံး​ကဲ့သို့ များပြား​မည်​။ သူ​တို့​၏​အမည်​သည် ငါ့​ရှေ့မှောက်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ဖျောက်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 20ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။ 21သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။ 22ထာဝရဘုရား​က “​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 48: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ