YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 50

50
1ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။ 2ငါ​လာ​သောအခါ အဘယ်ကြောင့် လူ​တစ်ယောက်​မျှ​မ​ရှိ​သနည်း​။ ငါ​ခေါ်​သောအခါ အဘယ်ကြောင့် ထူး​သော​သူ​မ​ရှိ​သနည်း​။ ငါ့​လက်​သည် မ​ရွေးနုတ်​နိုင်​လောက်အောင် တိုလွန်း​သလော​။ ငါ​၌ ကယ်တင်​နိုင်​သော​တန်ခိုး​မ​ရှိ​သလော​။ ငါ​ဆုံးမ​သဖြင့် ပင်လယ်​သည် ခန်းခြောက်​၏​။ ငါ​သည် မြစ်​တို့​ကို တောကန္တာရ​ဖြစ်စေ​၍ ငါး​တို့​သည် ရေ​မ​ရှိ​သောကြောင့် အပုပ်နံ့ထွက်​ကြ​၏​။ ရေငတ်​၍​သေ​ကြ​၏​။ 3ငါ​သည် မိုးကောင်းကင်​ကို အနက်ရောင်​အဝတ် ဝတ်​စေ​၍ လျှော်တေအဝတ် ခြုံ​စေ​၏​”​ဟု မိန့်​တော်မူ​၏​။
နာခံတတ်သောအစေအပါး
4မောပန်း​သော​သူ​အမောပြေ​စေရန် မည်သို့​ပြောဆို​ရ​မည်​ကို သိရှိ​ဖို့ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​အား နှုတ်မှုပညာ​ကို​သွန်သင်​ပေး​တော်မူ​၏​။ နံနက်တိုင်း ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ စာသင်သား​ကဲ့သို့ နားထောင်​ဖို့ ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ 5ဘုရားရှင်​ထာဝရဘုရား​သည် နာခံ​တတ်​သော​သဘော​ကို​ပေး​တော်မူ​သဖြင့်#50:5 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ၏နားကိုဖွင့်တော်မူသဖြင့်”။ ငါ​သည် ဖီဆန်​ခြင်း​မ​ပြု​၊ ကျောခိုင်း​၍​မ​သွား​။ 6ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။ 7ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သောကြောင့် ငါ​သည် အသရေ​မ​ပျက်​ရ​။ ကိုယ့်​မျက်နှာ​ကို မီးခတ်ကျောက်​ကဲ့သို့​ထား​၏​။ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။ 8ငါ့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​သော​သူ​သည် အနီး​တွင်​ရှိ​၏​။ မည်သူ​သည် ငါ့​ကို ဆန့်ကျင်ဘက်​ပြု​မည်နည်း​။ ငါ​တို့ အတူတကွ မတ်တတ်ရပ်​ကြ​မည်​။ မည်သူ​သည် ငါ​နှင့်​တရားဆိုင်​မည်နည်း​။ သူ​သည် ငါ့​ထံသို့​လာ​ပါစေ​။ 9ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။ ငါ​အပြစ်ရှိ​သည်​ဟု မည်သူ​စီရင်​မည်နည်း​။ စီရင်​သော​သူ​အပေါင်း​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်​။ သူ​တို့​ကို ပိုး​ကိုက်စား​လိမ့်မည်​။ 10သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။ 11မီး​မွှေး​သော​သူ​အပေါင်း​တို့​၊ မီးတုတ် အသင့်ပြင်​ထား​သော​သူ​အပေါင်း​တို့​၊ သင်​တို့​၏​မီး​၊ သင်​တို့​မီးစွဲ​စေ​သော​မီးတုတ်​၏​အလင်း​ထဲ၌ သွားလာ​ကြ​လော့​။ ငါ့​လက်​မှ​သင်​တို့​ရရှိ​မည့်​အကျိုး​ကား သင်​တို့​သည် ဆင်းရဲ​ခြင်း​ဝေဒနာ​ထဲ၌ အိပ်​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 50: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ