YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 7

7
1ငါ​သည် အစ္စရေး​ကို ကုသ​ပေး​သောအခါ ဧဖရိမ်​၏​အပြစ်​နှင့် ရှမာရိ​၏​မကောင်းမှု​တို့ ပေါ်လာ​ပြန်​၏​။ အကယ်စင်စစ် သူ​တို့​သည် လိမ်လည်လှည့်စား​ခြင်း​အမှု​ကို ပြု​ကြ​၏​။ မြို့တွင်း​၌ သူခိုး​များ ဖောက်ထွင်း​ကြ​၏​။ မြို့ပြင်​၌ ဓားပြ​များ လုယက်တိုက်ခိုက်​ကြ​၏​။ 2သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကို ငါ​မှတ်ထား​ကြောင်း သူ​တို့​၏​စိတ်​ထဲ၌ မ​တွေးမိ​ကြ​။ ယခုမှာ သူ​တို့​ပြု​သော​အမှု​သည် သူ​တို့​ကို​ဝိုင်း​ထား​လေ​ပြီ​။ သူ​တို့​လုပ်​သမျှ​ကို ငါ​မြင်​လေ​ပြီ​။
အစ္စရေး၏ယိုယွင်းပျက်စီးမှု
3သူ​တို့​သည် မကောင်းမှု​များ​ဖြင့် ရှင်ဘုရင်​ကို ဝမ်းမြောက်​စေ​၏​။ မုသားစကား​များ​ဖြင့် မှူးမတ်​တို့​ကို ဝမ်းမြောက်​စေ​၏​။ 4မုန့်ဖုတ်​သူ​သည် မုန့်ညက်​ကို​နယ်​ပြီး တဆေးပေါက်​သည်​အထိ မီး​ဆက်​ထိုးစရာ​မ​လို​ဘဲ မီးတောက်​နေ​သော​မီးဖို​ကဲ့သို့ သူ​တို့​အားလုံး အိမ်ထောင်ရေးဖောက်ပြန်​လို​စိတ်​များ ပြင်းထန်​၏​။ 5ဘုရင်​ပွဲခံ​သော​နေ့​မျိုး​တွင် မှူးမတ်​တို့​သည် စပျစ်ဝိုင်​သောက်​၍ ယစ်မူး​ကြ​ကုန်​၏​။ ဘုရင်​သည်​လည်း လှောင်ပြောင်ရယ်မော​သော​သူ​တို့​နှင့်အတူ ပျော်ပါး​နေ​၏​။ 6မုန့်ဖုတ်​သော​သူ​သည် တစ်ညလုံး​အိပ်​သော်လည်း နံနက်အချိန်​၌ မီးဖို​သည်​မီး​တောက်လောင်​ဆဲ​ရှိ​သကဲ့သို့ မကောင်းမှု​ပြု​ရန် လျှို့ဝှက်ကြံစည်​နေ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ထို​မီးဖို​ကဲ့သို့ တောက်လောင်​နေ​၏​။ 7သူ​တို့​အားလုံး မီးဖို​ကဲ့သို့ ပူလောင်​လျက် သူ​တို့​၏​အုပ်ချုပ်​သူ​များ​ကို ဝါးမျို​ကြ​လေ​ပြီ​။ ရှင်ဘုရင်​တို့​ကို​လည်း လှဲချ​ပစ်​ကြ​ပြီ​။ ငါ့​ကို ခေါ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ 8ဧဖရိမ်​သည် လူမျိုးခြား​တို့​နှင့်​လည်း ရောနှော​နေ​တတ်​၏​။ ဧဖရိမ်​သည် တစ်ဝက်တစ်ပျက်​သာ​ကျက်​သော​မုန့်ပြား​နှင့်​တူ​၏​။ 9တစ်ပါးအမျိုးသား​တို့​သည် သူ့​အင်အား​ကို ဝါးမျို​နေ​ကြောင်း သူ​မ​သိ​။ သူ့​ခေါင်း​၌ ဆံပင်ဖြူ​များ ပြန့်ကြဲ​နေ​ကြောင်း​ကို​လည်း သူ​မ​သိ​။ 10အစ္စရေး​၏​မာန​သည် သူ့​ကို​ဆန့်ကျင်​၍ သက်သေပြ​လေ​ပြီ​။ သို့သော် သူ​တို့​သည် ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လာ​ကြ​။ သူ​တို့​ပြု​ခဲ့​သမျှ​သော​အမှု​များ​အတွက် ကိုယ်တော့်​ကို မ​ရှာ​ကြ​။ 11ဧဖရိမ်​သည် အသိစိတ်​မ​ရှိ​။ ယုံလွယ်​သော​ချိုးငှက်​နှင့်​တူ​၏​။ အီဂျစ်​ပြည်​ကို အကူအညီ​တောင်း​၍ အဆီးရီးယား​ပြည်​သို့​လည်း ပြေးသွား​တတ်​၏​။ 12သူ​တို့​သွား​လေရာရာ​သို့ ငါ့​ပိုက်ကွန်​ဖြင့် လိုက်အုပ်​မည်​။ မိုးကောင်းကင်​ငှက်​ကဲ့သို့ သူ​တို့​ကို ဆွဲချ​မည်​။ သူ​တို့​လူအုပ်ကြီး​ကို သတိပေး​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။
ဒုတိယအကြိမ် ထာဝရဘုရားမြည်တမ်းခြင်း
13သူ​တို့​သည် ငါ့​ထံမှ လမ်းလွဲ​သွား​သောကြောင့် သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​ကို​ပုန်ကန်​သောကြောင့် သူ​တို့​ပျက်စီး​ရ​လိမ့်မည်​။ သူ​တို့​ကို ငါ​ရွေးနုတ်​လို​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​လိမ်လည်​ကြ​၏​။ 14အိပ်ရာ​ထက်​တွင် ညည်းတွားမြည်တမ်း​ကြ​သော်လည်း စိတ်နှလုံး​ပါ​လျက် ငါ့​ထံ​ဆု​မ​တောင်း​ကြ​။ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ရရှိ​ရန် စုရုံး​ကြ​ပြီး ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။ 15ငါ​သည် သူ​တို့​ကို သွန်သင်လမ်းပြ​ခဲ့​၍ သူ​တို့​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​၍ မကောင်းမှု​ပြု​ရန်​သာ ကြံစည်​ကြ​၏​။ 16သူ​တို့​ပြန်လှည့်​လာ​သော်လည်း အမြင့်ဆုံး​သော​အရှင်#7:16 တိုက်ရိုက်ပြန်ဆိုလျှင် “အထက်”။​ထံသို့ မ​ဟုတ်​။ သူ​တို့​သည် ကြိုးလျော့​နေ​သော​လေး​နှင့် တူ​ကြ​၏​။ အကြီးအကဲ​တို့​သည် မောက်မာ​သော​စကား​များ​ကြောင့် ဓား​ဖြင့် ကျဆုံး​ရ​လိမ့်မည်​။ အီဂျစ်​ပြည်​တွင် အထင်အမြင်သေးစရာ ဖြစ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ