YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 8

8
အစ္စရေး၏မှားယွင်းသောမျှော်လင့်ချက်များ
1တံပိုးမှုတ်​၍ သတိပေး​ကြ​လော့​။ သူ​တို့​သည် ငါ့​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး ပညတ်တရား​ကို ပုန်ကန်​ကြ​သောကြောင့် ရန်သူ​သည် လင်းယုန်ငှက်​ကဲ့သို့ ထာဝရဘုရား​၏​အိမ်​တော်​ကို လာ​တိုက်ခိုက်​မည်​။ 2အစ္စရေး​က ‘အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို သိ​ကြ​ပါ​၏’​ဟု အော်ဟစ်​ကြ​၏​။ 3အစ္စရေး​သည် ကောင်း​သော​အရာ​ကို ငြင်းပယ်​ပြီ​ဖြစ်​၍ ရန်သူ​သည် သူ့​ကို​လိုက်​လိမ့်မည်​။ 4သူ​တို့​သည် ငါ​ခွင့်​မ​ပြု​ဘဲ ဘုရင်​ကို တင်မြှောက်​ကြ​၏​။ ငါ​မ​သိ​ဘဲ အုပ်ချုပ်သူ​ကို ခန့်ထား​ကြ​၏​။ ရွှေ​ငွေ​တို့​ဖြင့် ရုပ်တု​များ​ကို​ပြုလုပ်​ကြ​သည်​ဖြစ်၍ ဖျက်ဆီး​ခံရ​ကြ​လိမ့်မည်​။ 5အို ရှမာရိ​၊ နွားသငယ်ရုပ်တု​ကို စွန့်ပစ်​လော့​။ သူ​တို့​ကို ငါ​အမျက်ထွက်​၏​။ သူ​တို့​သည် မည်သည့်​အချိန်​ရောက်​မှ အပြစ်ကင်း​နိုင်​မည်နည်း​။ 6အကယ်စင်စစ် ထို​ရုပ်တု​သည် အစ္စရေး​ထံမှ အစပြု​ခဲ့​၏​။ လက်မှုပညာသည်​က ထုလုပ်​သည်​ဖြစ်၍ ဘုရား မ​ဟုတ်​။ ရှမာရိ​အမျိုး​၏​နွားသငယ်ရုပ်တု​သည် တစ်စစီ​ကျိုးပဲ့​ရ​လိမ့်မည်​။ 7သူ​တို့​သည် လေ​ကို​ကြဲ​သဖြင့် လေပွေ​ကို​သာ ရိတ်​ရ​လိမ့်မည်​။ ကောက်ပဲသီးနှံ​တို့​လည်း အညှောက်​မ​ထွက်​။ ထွက်​ပြန်​လျှင်​လည်း အသီး​မ​သီး​။ သီး​ပြန်​လျှင်​လည်း သူစိမ်း​လူ​တို့ စား​သွား​လိမ့်မည်​။ 8အစ္စရေး ဝါးမျို​ခံရ​လေ​ပြီ​။ သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် မည်သူ​မျှ​အလို​မ​ရှိ​သော​တန်ဆာပလာ​ကဲ့သို့ ဖြစ်​၏​။ 9အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။ 10သူ​တို့​သည် လူမျိုးခြား​တို့​ထံမှ ချစ်သူ​များ​ငှားရမ်း​သော်လည်း သူ​တို့​ကို ငါ​ပြန်လည်​စုစည်း​မည်​။ ဘုရင်​နှင့် အကြီးအကဲ​တို့ တင်​သော​ဝန်​ကို လေးလံ​စွာ​ထမ်း​ရ​သောကြောင့် သူ​တို့​သည် ယုတ်လျော့စပြု​လိမ့်မည်​။ 11ဧဖရိမ်​သည် အပြစ်​ဖြစ်​စေ​မည့်​ယဇ်ပလ္လင်​များစွာ​ကို တည်​ကြ​သောကြောင့် ထို​ယဇ်ပလ္လင်​များ​သည် သူ​အပြစ်ပြု​ရာ ဖြစ်လာ​လေ​ပြီ​။ 12ငါ​သည် သူ​တို့​အဖို့ ပညတ်ချက်​များ​ကို ထောင်သောင်း​မက ရေး​ပေး​သော်လည်း သူ​တို့​နှင့်​မစပ်ဆိုင်​ဟု ထင်မှတ်​ကြ​၏​။ 13သူ​တို့​သည် ငါ့​ထံ လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​သောအခါ ယဇ်ကောင်​များ​ကို​ပူဇော်​၍ အသား​ကို စား​ကြ​၏​။ ထို​ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား လက်ခံ​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​ကို ဒဏ်ခတ်​မည်​။ သူ​တို့​ကို အီဂျစ်​ပြည်​သို့ ပြန်သွား​စေ​မည်​။ 14အစ္စရေး​သည် သူ့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို မေ့လျော့​၍ ဘုံဗိမာန်​များစွာ​ကို တည်​လေ​ပြီ​။ ယုဒ​သည်​လည်း ခံတပ်​မြို့​များ​ကို တည်​လေ​ပြီ​။ သို့သော် ငါ​သည် ထို​မြို့​များ​အပေါ်​သို့ မီး​ကို​ကျရောက်​စေ​၍ ခံတပ်​မြို့​များ​ကို လောင်ကျွမ်း​စေ​မည်​။”

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ