YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 13

13
1ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။ 2သူ​တို့​သည် အပြစ်​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ သူ​တို့​ကိုယ်ပိုင်​ဉာဏ်​ဖြင့် သူ​တို့​အဖို့ ငွေ​ရုပ်တု​ကို လုပ်​ကြ​၏​။ ထို​ရုပ်တု​အားလုံး​သည် လက်မှုပညာသည်​တို့​၏​လက်ရာ​သက်သက်​သာ ဖြစ်​၏​။ ထို​သူ​တို့​က “​ယဇ်ပူဇော်​သော​လူ​တို့​သည် နွားသငယ်ရုပ်တု​ကို​နမ်း​ကြ​စေ​”​ဟု ဆို​ကြ​၏​။ 3ထို့ကြောင့် သူ​တို့​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်းစက်​ကဲ့သို့​၊ လေ​ထဲတွင် လွင့်ပါ​သွား​သော​ကောက်နယ်တလင်း​မှ ဖွဲ​ကဲ့သို့​၊ မီးခိုးခေါင်းတိုင်​မှ ထွက်​သော​မီးခိုး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။
သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း
4“သင်​တို့ အီဂျစ်​ပြည်​၌​ရှိ​စဉ်​ကပင် ငါ ထာဝရဘုရား​သည် သင်​တို့​၏​ဘုရားသခင် ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​သော​ဘုရား​ကို သင်​တို့​မ​သိ​။ ငါ​မှတစ်ပါး သင်​တို့​ကို ကယ်တင်​နိုင်​မည့်​ဘုရား မ​ရှိ​။ 5မိုးခေါင်​သော​တောကန္တာရ​တွင်ပင် သင်​တို့​ကို ငါ​သိ​ခဲ့​၏​။ 6သူ​တို့​ကို ဝလင်​စွာ​ကျွေးမွေး​ခဲ့​၏​။ သူ​တို့​ဝလင်​လာ​သောအခါ ထောင်လွှား​သော​စိတ်​ဝင်​၍ ငါ့​ကို မေ့လျော့​လာ​ကြ​၏​။ 7ထို့ကြောင့် ငါ​သည် သူ​တို့​အတွက် ခြင်္သေ့​ကဲ့သို့ ဖြစ်​မည်​။ ကျားသစ်​ကဲ့သို့ လမ်း​၌​ချောင်းမြောင်း​မည်​။ 8ငါ​သည် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​ကဲ့သို့ သူ​တို့​ကို​တိုက်ခိုက်​မည်​။ သူ​တို့​ရင်ဘတ်​ကို ဆွဲဆုတ်​မည်​။ သူ​တို့​ကို ခြင်္သေ့​ကဲ့သို့​ကိုက်စား​ဝါးမျို​မည်​။ တောရိုင်းတိရစ္ဆာန်​ကဲ့သို့ ဆွဲဖြဲ​မည်​။ 9အို အစ္စရေး​အမျိုး​၊ သင့်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​သည့် ငါ့​ကို ဆန့်ကျင်​သောကြောင့် သင့်​ကို ငါ​ဖျက်ဆီး​မည်​။ 10အမြို့မြို့​တွင်​နေ​သော​သင်​တို့​ကို ကယ်တင်​မည့်​ဘုရင်​ကား အဘယ်မှာ​နည်း​။ ‘အကျွန်ုပ်​တို့​အား ရှင်ဘုရင်​၊ အကြီးအကဲ​ကို ပေး​ပါ’​ဟု သင်​တို့​တောင်းဆို​ခဲ့​သော အုပ်ချုပ်သူ​ကား အဘယ်မှာ​နည်း​။ 11ငါ​သည် အမျက်​ထွက်​၍ ရှင်ဘုရင်​တစ်​ပါး​ကို သင့်​အား ပေး​ခဲ့​၏​။ အမျက်​ထွက်​၍​ပင် သူ့​ကို ဖယ်ရှား​ခဲ့​၏​။ 12ဧဖရိမ်​၏​ဒုစရိုက်​ကို​ထုပ်ပိုး​ထား​၍ သူ​၏​အပြစ်​ကို​သို​ထား​၏​။ 13သူ​သည် သားဖွား​ဝေဒနာ​ကဲ့သို့ ခံစား​ရ​မည်​။ သူ​သည် အချိန်တန်​သော်လည်း ဝမ်း​ထဲမှ ထွက်​မ​လာ​သော​မိုက်မဲ​သည့်​ကလေး​ဖြစ်​၏​။ 14ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။#၁ကော 15:55။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”
ရောက်လာမည့်တရားစီရင်ခြင်း
15သူ​သည် ညီအစ်ကို​များ​ထဲတွင် အသီး​များစွာ​သီး​တတ်​သော်လည်း အရှေ့​လေ​တည်းဟူသော ထာဝရဘုရား​၏​လေ​သည် တောကန္တာရ​မှ​တိုက်​လာ​၍ သူ​၏​စမ်းရေတွင်း​နှင့်​ရေထွက်ပေါက်​တို့​သည် ခန်းခြောက်​လိမ့်မည်​။ ဘဏ္ဍာတိုက်​ရှိ​အဖိုးတန်​ရတနာ​အားလုံး တိုက်ခိုက်လုယက်​ခြင်း​ခံရ​လိမ့်မည်​။ 16ရှမာရိ​သည် မိမိ​၏​ဘုရားသခင်​ကို ပုန်ကန်​သောကြောင့် အပြစ်သင့်​လေ​ပြီ​။ သူ​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​လိမ့်မည်​။ သူ​တို့​၏​ကလေးသူငယ်​တို့​သည် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​သည်​လည်း ခွဲဖောက်​ခံရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ