YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 14

14
နောင်တရရန် တောင်းဆိုခြင်း
1အို အစ္စရေး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လော့​။ သင်​သည် သင်​၏​အပြစ်​ကြောင့် ခလုတ်တိုက်​လဲကျ​လေ​ပြီ​။ 2သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။ 3အဆီးရီယား​ပြည်​သည် အကျွန်ုပ်​တို့​ကို မ​ကယ်တင်​နိုင်​ပါ​။ အကျွန်ုပ်​တို့​သည် မြင်း​မ​စီး​တော့​ပါ​။ ကိုယ့်​လက်​ဖြင့်​လုပ်​သော​အရာ​တို့​ကို ‘​အကျွန်ုပ်​တို့​၏​ဘုရား​’​ဟု မ​ဆို​တော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ဖတဆိုး​တို့​ကို သနားစုံမက်​တော်မူ​ပါ​၏​”​ဟု လျှောက်ဆို​လော့​။
ပြန်လည်ပြုပြင်ခြင်းအတွက် ကတိတော်
4“ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။ 5ငါ​သည် အစ္စရေး​အဖို့ နှင်းစက်​ကဲ့သို့ ဖြစ်​မည်​။ သူ​သည် နှင်းပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ အမြစ်​စွဲ​လိမ့်မည်​။ 6သူ​သည် အညွန့်​ထွက်လာ​၍ သံလွင်ပင်​ကဲ့သို့ ကျက်သရေ​ရှိ​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ မွှေးကြိုင်​လိမ့်မည်​။ 7သူ​တို့​သည် ငါ့​အရိပ်​ကို ပြန်လည်​ခိုလှုံ​ကြ​လိမ့်မည်​။ ကောက်နှံပင်​များ​ကဲ့သို့ ဝေဆာ​၍ စပျစ်ပင်​များ​ကဲ့သို့ ပွင့်လန်း​ကြ​လိမ့်မည်​။ လက်ဘနွန်​စပျစ်ဝိုင်​ကဲ့သို့ ကျော်ကြား​လိမ့်မည်​။ 8ဧဖရိမ်​က ‘ငါ​သည် ရုပ်တု​တို့​နှင့် မည်သို့​ဆိုင်​သေး​သနည်း’​ဟု ဆို​လိမ့်မည်​။ ငါ​သည် သူ့​စကား​ကို​ကြား​၍ သူ့​ကို​ကြည့်ရှုစောင်မ​မည်​။ ငါ​သည် စိမ်းလန်း​သော​ထင်းရှူးပင်​ကဲ့သို့ ဖြစ်၍ သင်​တို့​သည် ငါ့​ထံမှ အသီး​ကို ရရှိ​လိမ့်မည်​။” 9မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ