YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 12

12
ယာကုပ်၏အမွေခံကို ထာဝရဘုရားစွဲချက်တင်ခြင်း
1ဧဖရိမ်​သည် လေ​ကို​စား​၏​။ အရှေ့​လေ​နောက်​သို့ လိုက်​၏​။ သူ​တို့​ပြု​သော​လိမ်လည်မှု​၊ အကြမ်းဖက်မှု​တို့​သည် တစ်နေ့​ထက်​တစ်နေ့ များများ​လာ​၏​။ အဆီးရီးယား​တို့​နှင့် ပဋိညာဉ်​ဖွဲ့​လျက်​နှင့်ပင် အီဂျစ်​ပြည်​သို့ ဆီ​ကို ပို့ပေး​၏​။ 2ထာဝရဘုရား​သည် ယုဒ​ကို စွဲချက်တင်​တော်မူ​ပြီ​။ ယာကုပ်​ကို သူ​ကျင့်ကြံ​ခဲ့​သည့်​အတိုင်း သူ့​ကို​ဒဏ်ခတ်​တော်မူ​မည်​။ သူ​လုပ်ဆောင်​ခဲ့​သည့်​အတိုင်း သူ့​ကို​ပြန်​ပေးဆပ်​စေ​မည်​။ 3ယာကုပ်​သည် အမိ​ဝမ်း​ထဲ၌ အစ်ကို​၏​ဖနောင့်​ကို ကိုင်ဆွဲ​ထား​ခဲ့​၏​။ သူ​သည် မိမိ​ခွန်အား​ဖြင့် ဘုရားသခင်​နှင့် ယှဉ်ပြိုင်​ခဲ့​၏​။ 4ကောင်းကင်တမန်​နှင့် ပြိုင်​၍​အနိုင်ရ​ခဲ့​၏​။ ကိုယ်တော့်​ထံ ငိုကြွေး​၍ ကောင်းချီး​တောင်းခံ​ခဲ့​၏​။ ဗေသလ​မြို့​တွင် ကိုယ်တော်​နှင့်​တွေ့​၏​။ ထို​အရပ်​တွင် ကိုယ်တော်​သည် ငါ​တို့​နှင့် စကား​ပြောဆို​ခဲ့​၏​။ 5ထာဝရဘုရား​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင် ဖြစ်​တော်မူ​၏​။ နာမ​တော်​သည် ထာဝရဘုရား ဖြစ်​၏​။ 6သင်​သည် သင်​၏​ဘုရားသခင်​ထံသို့ ပြန်လှည့်​လာ​လော့​။ ကရုဏာတရား​၊ ဖြောင့်မတ်​ခြင်း​တရား​တို့​ကို စောင့်ထိန်း​လော့​။ သင်​၏​ဘုရားသခင်​ကို အစဉ်​စောင့်မျှော်​လော့​။ 7ကုန်သည်​သည် မမှန်ကန်​သော​ချိန်ခွင်​ကို သုံး​တတ်​၏​။ မတရား​ရယူ​လို​သော​စိတ် ရှိ​၏​။ 8ဧဖရိမ်​က ‘ငါ​ကိုယ်တိုင် ဥစ္စာဓန​ကို ရှာတွေ့​၍ ချမ်းသာကြွယ်ဝ​ပြီ​။ ထို​ဥစ္စာဓန​တို့​ကို ဒုစရိုက်​ပြု​ခြင်း​ဖြင့် ရရှိ​သည်​ဟု မည်သူ​မျှ ငါ့​ကို​အပြစ်​ဆိုစရာ​အကြောင်း​မ​ရှိ’​ဟု ဆို​၏​။
လမ်းလွဲသောအစ္စရေးကိုစီရင်ခြင်း
9သင်​တို့ အီဂျစ်​ပြည်​၌​ရှိ​စဉ်​ကပင် ငါ ထာဝရဘုရား​သည် သင်​တို့​၏​ဘုရားသခင် ဖြစ်​၏​။ သတ်မှတ်​ထား​သော​ပွဲတော်​အချိန်​က​ကဲ့သို့ သင်​တို့​ကို တဲ​ထဲတွင် ပြန်​နေ​စေ​မည်​။ 10ပရောဖက်​တို့​ကို ငါ​မိန့်မှာ​ခဲ့​ပြီ​။ ဗျာဒိတ်နိမိတ်​ကို အမျိုးမျိုး​ဖွင့်ပြ​ပေး​ခဲ့​ပြီ​။ ပရောဖက်​များ​အားဖြင့် ပုံပမာ​ကို ပြ​ခဲ့​ပြီ​။” 11ဂိလဒ်​ပြည်သား​တို့​သည် အပြစ်ဒုစရိုက်​ပြု​၍ အကျိုးနည်း​ကြ​ပြီ​။ ဂိလဂါလ​မြို့​၌ နွား​ကို ပူဇော်​ကြ​၏​။ သူ​တို့​၏​ယဇ်ပလ္လင်​တို့​သည်​လည်း လယ်​ထဲမှ ထွန်ကြောင်း​များ​ပေါ်ရှိ​မြေစာပုံ​များ​ကဲ့သို့ များ​၏​။
ယာကုပ်၏အမွေခံကို ထပ်၍ စွဲချက်တင်ခြင်း
12ယာကုပ်​သည် အာရံ​ပြည်​သို့ ထွက်ပြေး​လေ​ပြီ​။ အစ္စရေး​သည် မယား​ရ​ရန်​အတွက် အစေခံ​လေ​ပြီ​။ မယား​ရ​ရန်​အတွက် သိုးထိန်း​လေ​ပြီ​။ 13ထာဝရဘုရား​သည် ပရောဖက်​အားဖြင့် အစ္စရေး​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ပရောဖက်​အားဖြင့် စောင့်ရှောက်​တော်မူ​ခဲ့​၏​။ 14ဧဖရိမ်​သည် အမျက်​တော်​ကို​အကြီးအကျယ်​နှိုးဆွ​လေ​ပြီ​။ ထို့ကြောင့် သူ​၏​အရှင်​သည် သူ​၏​လူသတ်​ခြင်း​အပြစ်​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။ သူ​ကဲ့ရဲ့ပြစ်တင်​ခဲ့​သည်​များ​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ