YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 47

47
ယာကုပ်ကို ဖာရောမင်းကြီးကြိုဆိုခြင်း
1ထို့နောက် ယောသပ်​သည် ဖာရော​မင်းကြီး​ထံသို့​သွား​၍ “​အကျွန်ုပ်​၏​ဖခင်​နှင့်​ညီအစ်ကို​တို့​သည် မိမိ​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​မှစ၍ သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​နှင့်တကွ ခါနာန်​ပြည်​မှ​ဂေါရှင်​အရပ်​သို့ ယခု​ရောက်လာ​ကြ​ပါ​ပြီ​”​ဟု လျှောက်​ဆို​၏​။
2ယောသပ်​သည် မိမိ​ညီအစ်ကို​များ​ထဲ​မှ ငါး​ယောက်​ကို​ရွေး​ပြီး ဖာရော​မင်းကြီး​ရှေ့​သို့​သွင်း​လေ​၏​။ 3ဖာရော​မင်းကြီး​က ယောသပ်​၏​ညီအစ်ကို​တို့​အား “​သင်​တို့​သည် မည်သည့်​အလုပ်​ကို​လုပ်ကိုင်​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သိုးထိန်း​များ​ဖြစ်​ကြ​ပါ​၏​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။ 4တစ်ဖန် သူ​တို့​က “​ခါနာန်​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သဖြင့် သခင့်​အစေအပါး​တို့​၌​ရှိ​သော​သိုးဆိတ်​များ​အတွက် စားကျက်​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​သည် ဤ​ပြည်​၌​တည်းခိုနေထိုင်​ရန်​ရောက်လာ​ကြ​ပါ​၏​။ သို့ဖြစ်၍ သခင့်​အစေအပါး​တို့​ကို ဂေါရှင်​အရပ်​၌ နေထိုင်​ခွင့်​ပြု​ပါ​”​ဟု ဖာရော​မင်းကြီး​အား​လျှောက်​ကြ​၏​။
5ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​သင့်​ဖခင်​နှင့်​သင့်​ညီအစ်ကို​တို့​သည် သင့်​ထံသို့​ရောက်လာ​ကြ​ပြီ​။ 6အီဂျစ်​ပြည်​သည် သင့်​မျက်စိ​ရှေ့​၌​ရှိ​၏​။ သင့်​ဖခင်​နှင့်​သင့်​ညီအစ်ကို​တို့​ကို ဤ​ပြည်​၏​အကောင်းဆုံး​နေရာ​၌ နေရာချ​ပေး​လော့​။ ဂေါရှင်​အရပ်​၌ နေထိုင်​စေ​လော့​။ သူ​တို့​ထဲ၌ အရည်အချင်း​ရှိ​သူ​ပါ​ကြောင်း သင်​သိ​လျှင် သူ​တို့​အား ငါ​၏​တိရစ္ဆာန်​တို့​ကို​ကြီးကြပ်ကွပ်ကဲ​သူ​အဖြစ် ခန့်ထား​လော့​”​ဟု မိန့်ဆို​လေ​၏​။
7ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​ယာကုပ်​ကို​ခေါ်ဆောင်​လာ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​စေ​၏​။ ယာကုပ်​သည်​လည်း ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​လေ​၏​။ 8ဖာရော​မင်းကြီး​က “​သင်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ မည်မျှ​ရှိ​ပြီ​နည်း​”​ဟု ယာကုပ်​အား​မေး​လျှင် 9ယာကုပ်​က “​အကျွန်ုပ်​သွားလာနေထိုင်​ခဲ့​သော နေ့ရက်​နှစ်ကာလ​မှာ တစ်ရာ့​သုံးဆယ်​ရှိ​ပါ​ပြီ​။ အကျွန်ုပ်​အသက်ရှင်​သော နေ့ရက်​နှစ်ကာလ​သည် တိုတောင်း​၍​ဆိုးရွား​ပါ​၏​။ အကျွန်ုပ်​ဘိုးဘေး​တို့ အသက်ရှင်​သွားလာ​နေထိုင်​ခဲ့​သော နေ့ရက်​နှစ်ကာလ​ကို မ​မီ​ပါ​”​ဟု လျှောက်​လေ​၏​။ 10ထို့နောက် ယာကုပ်​သည် ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​ပြီးလျှင် ဖာရော​မင်းကြီး​၏​ရှေ့​မှ​ထွက်သွား​လေ​၏​။
11ယောသပ်​သည် ဖာရော​မင်းကြီး​မိန့်မှာ​သည့်​အတိုင်း မိမိ​ဖခင်​နှင့်​မိမိ​ညီအစ်ကို​တို့​ကို​နေရာချ​ပေး​၏​။ အီဂျစ်​ပြည်​ရှိ အကောင်းဆုံး​နေရာ​ဖြစ်​သော ရာမသက်​အရပ်​ကို သူ​တို့​ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​၏​။ 12ထို့ပြင် ယောသပ်​သည် မိမိ​ဖခင်​၊ မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​၏​အိမ်သူအိမ်သား​အားလုံး​တို့​၌​ရှိ​သော ကလေး​အရေအတွက်​အလိုက် အစားအစာ​ထောက်ပံ့​၏​။
မြေအားလုံးဖာရောမင်းကြီးအပိုင်ဖြစ်လာခြင်း
13ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် ပို၍​ဆိုးရွား​လာ​သောကြောင့် အပြည်ပြည်​၌ စားစရာ​မ​ရှိ​တော့​ပေ​။ ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​သည် ဆင်းရဲဒုက္ခ​ခံရ​လေ​၏​။ 14အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​မှ​လူ​တို့​စားနပ်ရိက္ခာ​ဝယ်ယူ​ကြ​သဖြင့် ရရှိ​သော​ငွေ​အားလုံး​ကို ယောသပ်​သည် စုသိမ်း​၍ ထို​ငွေ​ကို ဖာရော​မင်းကြီး​၏​နန်းတော်​သို့​သွင်း​လေ​၏​။ 15အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​၌ ငွေ​ကုန်​သောအခါ အီဂျစ်​ပြည်သား​အပေါင်း​တို့​သည် ယောသပ်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​ငွေ​ကုန်​ပါ​ပြီ​။ သခင့်​ရှေ့​၌ အဘယ်ကြောင့် အကျွန်ုပ်​တို့​သေ​ရ​မည်နည်း​။ အကျွန်ုပ်​တို့​ကို စားစရာ​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။
16ထိုအခါ ယောသပ်​က “​ငွေ​ကုန်​လျှင် သင်​တို့​၏​တိရစ္ဆာန်​တို့​ကို​ယူ​ခဲ့​ကြ​လော့​။ သင်​တို့​၏​တိရစ္ဆာန်​အစား စားစရာ​ကို သင်​တို့​အား​ငါ​ပေး​မည်​”​ဟု ဆို​လေ​၏​။ 17သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​တိရစ္ဆာန်​တို့​ကို ယောသပ်​ထံသို့​ယူဆောင်​လာ​ကြ​၏​။ ထိုအခါ ယောသပ်​သည် မြင်း​များ​၊ သိုးဆိတ်​နွား စသည့်​တိရစ္ဆာန်​များ​၊ မြည်း​များ​အစား စားစရာ​ကို သူ​တို့​အား​ပေး​လေ​၏​။ ထို​နှစ်​၌ ယောသပ်​သည် သူ​တို့​ယူဆောင်​လာ​သော​တိရစ္ဆာန်​အားလုံး​ကို အစားအစာ​နှင့်​လဲလှယ်​ပေး​လေ​၏​။
18ထို​နှစ်​ကုန်​ပြီး ဒုတိယ​နှစ်​၌ သူ​တို့​သည် ယောသပ်​ထံသို့​ရောက်လာ​၍ “​အကျွန်ုပ်​တို့​သည် သခင့်​အား မည်သည့်​အရာ​ကို​မျှ​မ​ထိမ်ဝှက်​ထား​ပါ​။ အကျွန်ုပ်​တို့​ငွေ​ကုန်​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​သည်​လည်း သခင့်​ဥစ္စာ​ဖြစ်​ပါ​ပြီ​။ သခင့်​ရှေ့​၌ အကျွန်ုပ်​တို့​၏​ကိုယ်ခန္ဓာ​နှင့်​မြေ​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ကျန်​တော့​ပါ​။ 19အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​မြေ​သည် သခင့်​ရှေ့​၌ အဘယ်ကြောင့်​ပျက်စီး​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​မြေ​ကို​ဝယ်​၍ ထို​အစား စားစရာ​ပေး​ပါ​လော့​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​မြေ​နှင့်တကွ ဖာရော​မင်းကြီး​ထံ၌ ကျွန်ခံ​ပါ​မည်​။ အကျွန်ုပ်​တို့ မ​သေ​ဘဲ အသက်ရှင်​ကြ​ရ​မည့်​အကြောင်း​၊ မြေ​သည်​လည်း မ​ပျက်စီး​မည့်​အကြောင်း မျိုးစေ့​ကို​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။
20ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် အီဂျစ်​လူမျိုး​တို့​အပေါ် ဆိုးရွား​စွာ​ကျရောက်​သဖြင့် ကိုယ်​ပိုင်သောမြေ​အသီးသီး​ကို​ရောင်း​ကြ​၏​။ ထို့ကြောင့် ယောသပ်​သည် ဖာရော​မင်းကြီး​အဖို့ အီဂျစ်​ပြည်​ရှိ​မြေ​အားလုံး​ကို ဝယ်ယူ​လေ​၏​။ ဤသို့ဖြင့် ထို​မြေ​တို့​သည် ဖာရော​မင်းကြီး​၏​အပိုင်​ဖြစ်လာ​၍ 21အီဂျစ်​ပြည်​၏​နယ်နိမိတ်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင်​ရှိ​သော လူ​တို့​ကို မြို့​များ​သို့​ပြောင်းရွှေ့#47:21 သို့မဟုတ် “ကျွန်ပြု”။​စေ​၏​။ 22ယဇ်ပုရောဟိတ်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​အစားအစာ​ရရှိ​သည်​ဖြစ်၍ သူ​တို့​သည် ဖာရော​မင်းကြီး​ပေး​သော အစားအစာ​ကို​စား​ရ​ကြ​သောကြောင့် မိမိ​တို့​၏​မြေ​ကို​မ​ရောင်း​ကြ​ပေ​။ ထို့ကြောင့် သူ​တို့​၏​လယ်​ကို​ကား ယောသပ် မ​ဝယ်​ပေ​။
23ယောသပ်​က လူ​တို့​အား “​ယနေ့ ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​မြေ​ကို ဖာရော​မင်းကြီး​အဖို့ ဝယ်ယူ​ပြီ​။ သင်​တို့​သည် မျိုးစေ့​ကို​ယူ​၍ မြေ​၌ စိုက်ပျိုး​ကြ​လော့​။ 24အသီးအနှံ​၏​ငါးပုံတစ်ပုံ​ကို ဖာရော​မင်းကြီး​အား​ဆက်သ​ရ​မည်​။ လေး​ပုံ​သည် လယ်ယာ​အတွက်​မျိုးစေ့​၊ သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​များ​မှစ၍ သင်​တို့​၏​ကလေး​များ​စားသုံး​ရန်​အတွက်​အစားအစာ ဖြစ်​ရ​မည်​”​ဟု ဆို​၏​။
25သူ​တို့​က​လည်း “​သခင်​သည် အကျွန်ုပ်​တို့​၏​အသက်​ကို​ကယ်တင်​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါစေသော​။ အကျွန်ုပ်​တို့​သည် ဖာရော​မင်းကြီး​ထံ​ကျွန်ခံ​ကြ​ပါ​မည်​”​ဟု လျှောက်​ကြ​၏​။ 26ဤသို့ဖြင့် ငါးပုံတစ်ပုံ​သည် ဖာရော​မင်းကြီး​အပိုင်​ဖြစ်​၏​ဟု ယောသပ်​စီရင်​ခဲ့​သော​စည်းမျဉ်းဥပဒေ​သည် အီဂျစ်​ပြည်​၌ ယနေ့​တိုင်အောင်​တည်​၏​။ ယဇ်ပုရောဟိတ်​တို့​၏​မြေ​ကို​ကား ဖာရော​မင်းကြီး​မ​ပိုင်​ပေ​။
အစ္စရေးလူမျိုးတို့ ဂေါရှင်အရပ်၌အခြေချခြင်း
27အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​၊ ဂေါရှင်​အရပ်​၌ နေထိုင်​လေ​၏​။ ထို​ပြည်​၌ သူ​တို့​သည် ကြီးပွားချမ်းသာ​၍ အလွန်​တိုးပွား​များပြား​လာ​ကြ​၏​။ 28ယာကုပ်​သည် အီဂျစ်​ပြည်​၌ တစ်ဆယ့်​ခုနစ်​နှစ်​အသက်ရှင်​နေထိုင်​ခဲ့​၏​။ ယာကုပ်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​များ​မှာ တစ်ရာ​လေးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။ 29အစ္စရေး​သည် သေ​ရ​မည့်​နေ့ရက်​နီး​သောအခါ မိမိ​သား​ယောသပ်​အား​ခေါ်​၍ “​ယခု ငါ​သည် သင့်​ရှေ့​၌​မျက်နှာရ​လျှင် သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​ပြီး ငါ့​အား​မေတ္တာကရုဏာ​ပြ​၍ သစ္စာ​ပြု​ပါ​။ အီဂျစ်​ပြည်​၌ ငါ့​ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်​။ 30ငါ​သည် ငါ​၏​ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သောအခါ သင်​သည် ငါ့​ကို​အီဂျစ်​ပြည်​မှ​ဆောင်သွား​၍ ငါ့​ဘိုးဘေး​တို့​၏​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​”​ဟု ဆို​၏​။ ယောသပ်​က​လည်း “​အဖေ့​စကား​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။
31အစ္စရေး​က “​ငါ့​အား ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင် ယောသပ်​သည် သူ့​အား​ကျိန်ဆို​လေ​၏​။ ထို့နောက် အစ္စရေး​သည် ခုတင်​ခေါင်းရင်း​၌ ပျပ်ဝပ်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 47: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ