ကမ္ဘာဦးကျမ်း 46
46
အီဂျစ်ပြည်သို့ ယာကုပ်သွားခြင်း
1ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။ 2ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
3ဘုရားသခင်က “ငါသည် ဘုရားသခင်ဖြစ်၏။ သင့်ဖခင်၏ဘုရားဖြစ်၏။ အီဂျစ်ပြည်သို့ သင်ဆင်းသွားရမည်ကို မကြောက်နှင့်။ အကြောင်းမူကား ငါသည် ထိုအရပ်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။ 4ငါသည် သင်နှင့်အတူ အီဂျစ်ပြည်သို့ဆင်းသွားမည်။ ငါသည် သင့်ကို ဧကန်ပြန်ခေါ်ဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ဖြင့် သင်၏မျက်စိကိုပိတ်ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။
5ထို့နောက် ယာကုပ်သည် ဗေရရှေဘအရပ်မှထသွားလေ၏။ ယာကုပ်ကိုခေါ်ဆောင်ရန်အတွက် ဖာရောမင်းကြီးပေးလိုက်သောလှည်းများဖြင့် အစ္စရေး၏သားတို့သည် မိမိတို့ဖခင်ယာကုပ်နှင့်တကွ ကလေးများ၊ မိန်းမများကိုခေါ်ဆောင်သွားကြ၏။ 6သူတို့သည် မိမိတို့၏တိရစ္ဆာန်များနှင့် ခါနာန်ပြည်၌မိမိတို့စုဆောင်းရရှိသည့်ဥစ္စာများကိုလည်း ယူသွားကြ၏။ ဤသို့ဖြင့် ယာကုပ်နှင့်တကွ သူနှင့်အတူနေသောသူ၏သားမြေးအပေါင်းတို့သည် အီဂျစ်ပြည်သို့သွားကြ၏။ 7ယာကုပ်သည် သူ၏သားသမီးများ၊ သားသမီးတို့၏သားသမီးများစသော မိမိသားမြေးအပေါင်းတို့ကို အီဂျစ်ပြည်သို့ မိမိနှင့်အတူခေါ်ဆောင်သွားလေ၏။
ယာကုပ်၏မိသားစု
8အီဂျစ်ပြည်သို့ရောက်လာသော အစ္စရေး၏သားမြေးများတည်းဟူသော ယာကုပ်နှင့်သူ၏သားမြေးများ၏အမည်ကား ဤသို့တည်း။
ယာကုပ်၏သားဦးမှာ ရုဗင် ဖြစ်၏။
9ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။
10ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သားရှောလ တို့ဖြစ်ကြ၏။
11လေဝိ၏သားများမှာ ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။
12ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။
13ဣသခါ၏သားများမှာ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန် တို့ဖြစ်ကြ၏။
14ဇာဗုလုန်၏သားများမှာ သရက်၊ ဧလုန်၊ ယာလေလ တို့ဖြစ်ကြ၏။
15ဤသူတို့ကား ပါဒန်အာရံပြည်၌ ယာကုပ်အတွက် လေအာမွေးဖွားပေးသော လေအာ၏သားများဖြစ်ကြ၏။ သမီးဒိနအပါအဝင် ယာကုပ်၏သားသမီးစုစုပေါင်းမှာ သုံးဆယ့်သုံးယောက်ဖြစ်၏။
16ဂဒ်၏သားများမှာ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ တို့ဖြစ်ကြ၏။
17အာရှာ၏သားများမှာ ဣမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယနှင့် သူတို့၏နှမစေရ တို့ဖြစ်ကြ၏။ ဗေရိယ၏သားများမှာ ဟေဗာ၊ မာလချေလ တို့ဖြစ်ကြ၏။
18ဤသူတို့ကား လာဗန်က မိမိသမီးလေအာအားလက်ဖွဲ့အဖြစ်ပေးသော ဇိလပ၏သားများဖြစ်ကြ၏။ ဇိလပသည် ယာကုပ်အတွက် ဤသားတစ်ဆယ့်ခြောက်ယောက်ကို မွေးဖွားပေး၏။
19ယာကုပ်မယား ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။
20ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
21ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ တို့ဖြစ်ကြ၏။
22ဤသူတို့ကား ယာကုပ်အတွက် ရာခေလမွေးဖွားပေးသော ရာခေလ၏သားများဖြစ်၍ စုစုပေါင်း တစ်ဆယ့်လေးယောက်ရှိ၏။
23ဒန်၏သားမှာ ဟုရှိမ် ဖြစ်၏။
24နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင် တို့ဖြစ်ကြ၏။
25ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။
26ယာကုပ်ချွေးမများကိုထည့်မတွက်ဘဲ ယာကုပ်နှင့်အတူ အီဂျစ်ပြည်သို့ရောက်လာသည့် ယာကုပ်မှဆင်းသက်လာသူအားလုံး စုစုပေါင်းခြောက်ဆယ့်ခြောက်ယောက်ရှိ၏။
27အီဂျစ်ပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။
သို့ဖြစ်၍ အီဂျစ်ပြည်သို့ရောက်သော ယာကုပ်၏အိမ်သူအိမ်သားစုစုပေါင်းမှာ အယောက်ခုနစ်ဆယ်ဖြစ်၏။
အီဂျစ်ပြည်သို့ ယာကုပ်ရောက်ရှိခြင်း
28ဂေါရှင်အရပ်သို့ ရောက်လာကြသောအခါ ယာကုပ်သည် ဂေါရှင်အရပ်၌ မိမိအား လာရောက်တွေ့ဆုံရန် ယောသပ်ထံသို့ယုဒကို အလျင်စေလွှတ်လိုက်၏။ 29ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။ 30ထိုအခါ အစ္စရေးက ယောသပ်အား “သင်အသက်ရှင်နေသေးသည်ကို ငါတွေ့မြင်ရပြီဖြစ်၍ ယခု ငါသေပျော်ပြီ”ဟု ဆိုလေ၏။
31ယောသပ်သည် မိမိ၏ညီအစ်ကိုတို့နှင့်မိမိဖခင်၏အိမ်သူအိမ်သားတို့အား “အကျွန်ုပ်သွား၍ ဖာရောမင်းကြီးနှင့်စကားပြောမည်။ သူ့အား ‘ခါနာန်ပြည်၌နေသော အကျွန်ုပ်၏ညီအစ်ကိုများနှင့်အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်ထံသို့ရောက်လာကြပါပြီ။ 32သူတို့သည် သိုးဆိတ်ကိုထိန်းကျောင်းသောသူများ၊ တိရစ္ဆာန်မွေးမြူသောသူများ ဖြစ်ကြပါ၏။ သူတို့၏သိုးဆိတ်များ၊ နွားများနှင့် သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့ကို ယူဆောင်လာကြပါပြီ’ဟု အကျွန်ုပ်လျှောက်ထားပါမည်။ 33ဖာရောမင်းကြီးက သင်တို့ကိုခေါ်၍ ‘သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း’ဟု မေးခဲ့လျှင် 34သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 46: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative