ကမ္ဘာဦးကျမ်း 47
47
ယာကုပ်ကို ဖာရောမင်းကြီးကြိုဆိုခြင်း
1ထို့နောက် ယောသပ်သည် ဖာရောမင်းကြီးထံသို့သွား၍ “အကျွန်ုပ်၏ဖခင်နှင့်ညီအစ်ကိုတို့သည် မိမိတို့၏သိုးဆိတ်များ၊ နွားများမှစ၍ သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့နှင့်တကွ ခါနာန်ပြည်မှဂေါရှင်အရပ်သို့ ယခုရောက်လာကြပါပြီ”ဟု လျှောက်ဆို၏။
2ယောသပ်သည် မိမိညီအစ်ကိုများထဲမှ ငါးယောက်ကိုရွေးပြီး ဖာရောမင်းကြီးရှေ့သို့သွင်းလေ၏။ 3ဖာရောမင်းကြီးက ယောသပ်၏ညီအစ်ကိုတို့အား “သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ သခင့်အစေအပါးအကျွန်ုပ်တို့သည် သိုးထိန်းများဖြစ်ကြပါ၏”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။ 4တစ်ဖန် သူတို့က “ခါနာန်ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသဖြင့် သခင့်အစေအပါးတို့၌ရှိသောသိုးဆိတ်များအတွက် စားကျက်မရှိသောကြောင့် အကျွန်ုပ်တို့သည် ဤပြည်၌တည်းခိုနေထိုင်ရန်ရောက်လာကြပါ၏။ သို့ဖြစ်၍ သခင့်အစေအပါးတို့ကို ဂေါရှင်အရပ်၌ နေထိုင်ခွင့်ပြုပါ”ဟု ဖာရောမင်းကြီးအားလျှောက်ကြ၏။
5ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့သည် သင့်ထံသို့ရောက်လာကြပြီ။ 6အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။
7ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။ 8ဖာရောမင်းကြီးက “သင်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလ မည်မျှရှိပြီနည်း”ဟု ယာကုပ်အားမေးလျှင် 9ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။ 10ထို့နောက် ယာကုပ်သည် ဖာရောမင်းကြီးကိုကောင်းချီးပေးပြီးလျှင် ဖာရောမင်းကြီး၏ရှေ့မှထွက်သွားလေ၏။
11ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။ 12ထို့ပြင် ယောသပ်သည် မိမိဖခင်၊ မိမိညီအစ်ကိုတို့မှစ၍ ဖခင်၏အိမ်သူအိမ်သားအားလုံးတို့၌ရှိသော ကလေးအရေအတွက်အလိုက် အစားအစာထောက်ပံ့၏။
မြေအားလုံးဖာရောမင်းကြီးအပိုင်ဖြစ်လာခြင်း
13ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ပို၍ဆိုးရွားလာသောကြောင့် အပြည်ပြည်၌ စားစရာမရှိတော့ပေ။ ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် အီဂျစ်ပြည်နှင့်ခါနာန်ပြည်သည် ဆင်းရဲဒုက္ခခံရလေ၏။ 14အီဂျစ်ပြည်နှင့်ခါနာန်ပြည်မှလူတို့စားနပ်ရိက္ခာဝယ်ယူကြသဖြင့် ရရှိသောငွေအားလုံးကို ယောသပ်သည် စုသိမ်း၍ ထိုငွေကို ဖာရောမင်းကြီး၏နန်းတော်သို့သွင်းလေ၏။ 15အီဂျစ်ပြည်နှင့်ခါနာန်ပြည်၌ ငွေကုန်သောအခါ အီဂျစ်ပြည်သားအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ “အကျွန်ုပ်တို့ငွေကုန်ပါပြီ။ သခင့်ရှေ့၌ အဘယ်ကြောင့် အကျွန်ုပ်တို့သေရမည်နည်း။ အကျွန်ုပ်တို့ကို စားစရာပေးပါလော့”ဟု ဆိုကြ၏။
16ထိုအခါ ယောသပ်က “ငွေကုန်လျှင် သင်တို့၏တိရစ္ဆာန်တို့ကိုယူခဲ့ကြလော့။ သင်တို့၏တိရစ္ဆာန်အစား စားစရာကို သင်တို့အားငါပေးမည်”ဟု ဆိုလေ၏။ 17သို့ဖြစ်၍ သူတို့သည် မိမိတို့၏တိရစ္ဆာန်တို့ကို ယောသပ်ထံသို့ယူဆောင်လာကြ၏။ ထိုအခါ ယောသပ်သည် မြင်းများ၊ သိုးဆိတ်နွား စသည့်တိရစ္ဆာန်များ၊ မြည်းများအစား စားစရာကို သူတို့အားပေးလေ၏။ ထိုနှစ်၌ ယောသပ်သည် သူတို့ယူဆောင်လာသောတိရစ္ဆာန်အားလုံးကို အစားအစာနှင့်လဲလှယ်ပေးလေ၏။
18ထိုနှစ်ကုန်ပြီး ဒုတိယနှစ်၌ သူတို့သည် ယောသပ်ထံသို့ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင့်အား မည်သည့်အရာကိုမျှမထိမ်ဝှက်ထားပါ။ အကျွန်ုပ်တို့ငွေကုန်ပါပြီ။ အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည်လည်း သခင့်ဥစ္စာဖြစ်ပါပြီ။ သခင့်ရှေ့၌ အကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်မြေမှတစ်ပါး မည်သည့်အရာမျှမကျန်တော့ပါ။ 19အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေသည် သခင့်ရှေ့၌ အဘယ်ကြောင့်ပျက်စီးရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေကိုဝယ်၍ ထိုအစား စားစရာပေးပါလော့။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မြေနှင့်တကွ ဖာရောမင်းကြီးထံ၌ ကျွန်ခံပါမည်။ အကျွန်ုပ်တို့ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း၊ မြေသည်လည်း မပျက်စီးမည့်အကြောင်း မျိုးစေ့ကိုပေးပါလော့”ဟု ဆိုကြ၏။
20ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အီဂျစ်လူမျိုးတို့အပေါ် ဆိုးရွားစွာကျရောက်သဖြင့် ကိုယ်ပိုင်သောမြေအသီးသီးကိုရောင်းကြ၏။ ထို့ကြောင့် ယောသပ်သည် ဖာရောမင်းကြီးအဖို့ အီဂျစ်ပြည်ရှိမြေအားလုံးကို ဝယ်ယူလေ၏။ ဤသို့ဖြင့် ထိုမြေတို့သည် ဖာရောမင်းကြီး၏အပိုင်ဖြစ်လာ၍ 21အီဂျစ်ပြည်၏နယ်နိမိတ်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင်ရှိသော လူတို့ကို မြို့များသို့ပြောင်းရွှေ့#47:21 သို့မဟုတ် “ကျွန်ပြု”။စေ၏။ 22ယဇ်ပုရောဟိတ်တို့သည် ဖာရောမင်းကြီးထံမှအစားအစာရရှိသည်ဖြစ်၍ သူတို့သည် ဖာရောမင်းကြီးပေးသော အစားအစာကိုစားရကြသောကြောင့် မိမိတို့၏မြေကိုမရောင်းကြပေ။ ထို့ကြောင့် သူတို့၏လယ်ကိုကား ယောသပ် မဝယ်ပေ။
23ယောသပ်က လူတို့အား “ယနေ့ ငါသည် သင်တို့နှင့်သင်တို့၏မြေကို ဖာရောမင်းကြီးအဖို့ ဝယ်ယူပြီ။ သင်တို့သည် မျိုးစေ့ကိုယူ၍ မြေ၌ စိုက်ပျိုးကြလော့။ 24အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
25သူတို့ကလည်း “သခင်သည် အကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပါပြီ။ အကျွန်ုပ်တို့သည် သခင့်ရှေ့၌ မျက်နှာရပါစေသော။ အကျွန်ုပ်တို့သည် ဖာရောမင်းကြီးထံကျွန်ခံကြပါမည်”ဟု လျှောက်ကြ၏။ 26ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
အစ္စရေးလူမျိုးတို့ ဂေါရှင်အရပ်၌အခြေချခြင်း
27အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်၊ ဂေါရှင်အရပ်၌ နေထိုင်လေ၏။ ထိုပြည်၌ သူတို့သည် ကြီးပွားချမ်းသာ၍ အလွန်တိုးပွားများပြားလာကြ၏။ 28ယာကုပ်သည် အီဂျစ်ပြည်၌ တစ်ဆယ့်ခုနစ်နှစ်အသက်ရှင်နေထိုင်ခဲ့၏။ ယာကုပ်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလများမှာ တစ်ရာလေးဆယ့်ခုနစ်နှစ်ဖြစ်၏။ 29အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။ 30ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
31အစ္စရေးက “ငါ့အား ကျိန်ဆိုပါလော့”ဟု ဆိုလျှင် ယောသပ်သည် သူ့အားကျိန်ဆိုလေ၏။ ထို့နောက် အစ္စရေးသည် ခုတင်ခေါင်းရင်း၌ ပျပ်ဝပ်လေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 47: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative