YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1လူ​တို့​ထံမှ​မ​ဟုတ်၊ လူ့​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​နှင့် ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​ဖြစ်​သော​ငါ​ပေါလု​မှစ၍ 2ငါ​နှင့်အတူ​ရှိ​သော​ညီအစ်ကို​အပေါင်း​တို့​သည် ဂလာတိ​ပြည်​၌​ရှိ​သည့် အသင်းတော်​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 3ငါ​တို့​အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ 4ထို​သခင်​သည် ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆိုးညစ်​သော​မျက်မှောက်​ကာလ​မှ ငါ​တို့​ကို​ကယ်နုတ်​ရန် ငါ​တို့​၏​အပြစ်​အတွက် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။ 5အဖ​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။
အခြားကောင်းမြတ်သောသတင်းမရှိ
6သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။ 7ထိုသို့ဆိုသော် အခြား​ကောင်းမြတ်​သော​သတင်း​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​၍ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို မှောက်လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။ 8သို့သော် ငါ​တို့​က​ဖြစ်စေ၊ ကောင်းကင်​မှ ကောင်းကင်​တမန်​က​ဖြစ်စေ သင်​တို့​အား ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ 9ယခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အတိုင်း ယခု​ထပ်မံ​၍ ငါ​ပြော​သည်​မှာ မည်သူမဆို သင်​တို့​လက်ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။
10အကြောင်းမူကား ယခု ငါ​သည် လူ​တို့​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့မဟုတ် ဘုရားသခင်​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့တည်းမဟုတ် လူ​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​သလော။ လူ​တို့​ကို​နှစ်သက်​စေရန် ငါ​ကြိုးစား​နေ​သေး​လျှင် ငါ​သည် ခရစ်တော်​၏​အစေအပါး​ဖြစ်​သည်​မ​ဟုတ်။
အခြားတမန်တော်များက ပေါလုကို လက်ခံကြခြင်း
11ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။ 12အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။
13ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊ 14ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။ 15သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ#ဟေရှာ 49:1၊ ယေ 1:5။​သော​ဘုရားသခင်​သည် 16မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ 17ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။
18ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။ 19သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။ 20သင်​တို့​ထံသို့ ငါ​ရေး​နေ​သော​အကြောင်းအရာ​များ​တွင် မုသား​မ​ပါ​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။ 21ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။ 22သို့ရာတွင် ခရစ်တော်​၌​တည်​သော ယုဒ​ပြည်​ရှိ အသင်းတော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ 23“ယခင်​က ငါ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​သည် တစ်ချိန်က သူ​ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သော​ယုံကြည်​ခြင်း​တရား​ကို ယခု ဟောပြော​လျက်​နေ​သည်”​ဟူ၍​သာ ကြား​ရ​ကြ​၏။ 24ထိုအခါ သူ​တို့​သည် ငါ့​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဂလာတိဩဝါဒစာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ