YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 13

13
နောက်ဆုံးသတိပေးတိုက်တွန်းချက်များ
1ယခု တတိယ​အကြိမ် သင်​တို့​ထံသို့ ငါ​လာ​ခဲ့​မည်။ သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​သည် အတည်ပြု​ခြင်း​ခံရ​လိမ့်မည်။#တရား 17:6၊ 19:15။ 2ယခင် အပြစ်​ကျူးလွန်​ခဲ့​သူ​များ​နှင့် အခြား​သော​သူ​အပေါင်း​တို့​အား ဒုတိယ​အကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သတိပေး​ခဲ့​သည့်​အတိုင်း ယခု သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ငါ​သတိပေး​သည်​ကား ငါ​သည် နောက်တစ်ဖန်​ရောက်လာ​လျှင် ညှာတာ​လိမ့်မည်​မ​ဟုတ်။ 3အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် ငါ့​အားဖြင့်​မြွက်ဆို​နေ​သည်​ဟူသော​သက်သေ​သာဓက​ကို သင်​တို့​တွေ့မြင်​လို​ကြ​သောကြောင့်​ဖြစ်​၏။ ကိုယ်တော်​သည် သင်​တို့​တွင်​အားနည်း​တော်​မ​မူ။ သင်​တို့​အထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​၏။ 4အကြောင်းမူကား ကိုယ်တော်​သည် အားနည်း​ခြင်း​ထဲတွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​သော်လည်း ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကိုယ်တော်​၌ အားနည်း​ကြ​သော်လည်း သင်​တို့​ရှေ့၌ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်​ကြ​လိမ့်မည်။
5သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။ 6ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​မ​ဟုတ်​ကြောင်း သင်​တို့​သိ​မည်​ဟု ငါ​မျှော်လင့်​၏။ 7သင်​တို့​သည် မကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​မည့်​အကြောင်း ဘုရားသခင်​ထံ ငါ​တို့​ဆုတောင်း​ကြ​၏။ ဤသို့​ဆို​ခြင်း​မှာ စုံစမ်း​စစ်ဆေး​ခြင်း​ကို ငါ​တို့​အောင်မြင်​ကြောင်း​ထင်ရှား​စေရန်​အတွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လျှင်ပင် သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​နိုင်​ရန်​အတွက်​ဖြစ်​၏။ 8အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​ကို​ဆန့်ကျင်​၍ မည်သည့်​အမှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာတရား​ဘက်​၌​နေ​၍​သာလျှင် ပြု​နိုင်​ကြ​၏။ 9ငါ​တို့​အားနည်း​လျှင်​လည်း သင်​တို့​အားကြီး​သောအခါ ငါ​တို့​ဝမ်းမြောက်​ကြ​၏။ သင်​တို့​သည် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​ကြ​ရန်​အတွက်​လည်း ငါ​တို့​ဆုတောင်း​ကြ​၏။ 10ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။
11နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ ဝမ်းမြောက်​ကြ​လော့။ စုံလင်​ခြင်း​သို့​ရောက်​ကြ​လော့။ နှစ်သိမ့်​ခြင်း​ကို ခံစား​ကြ​လော့။ တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ သင့်မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​နှင့်​ငြိမ်သက်​ခြင်း​တို့​၏​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။
12အချင်းချင်း​သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ သန့်ရှင်း​သူ​အပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ 13သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၊ ဘုရားသခင်​၏​မေတ္တာ​တော်​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​တို့​သည် သင်​တို့​အားလုံး​နှင့်အတူ ရှိ​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ