YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 2

2
မိမိဟောပြောသည့်ကောင်းမြတ်သောသတင်းကို ပေါလုတင်ပြခြင်း
1ထို့နောက် တစ်ဆယ့်လေး​နှစ်​ကြာ​သောအခါ ငါ​သည် တိတု​ကို​ခေါ်​၍ ဗာနဗ​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​သွား​ခဲ့​၏။ 2ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။ 3သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။ 4ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။ 5သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။
6ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။ 7သို့သော် ကောင်းမြတ်​သော​သတင်း​ကို အရေဖျား​လှီး​ထား​သော​သူ​တို့​အတွက် ပေတရု​၌​ယုံကြည်​အပ်နှံ​တော်မူ​သကဲ့သို့ အရေဖျား​မ​လှီး​သော​သူ​တို့​အတွက် ငါ​၌​ယုံကြည်​အပ်နှံ​တော်မူ​ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​၏။ 8အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။ 9ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။ 10သူ​တို့​၏​တစ်ခုတည်း​သော​မှာကြား​ချက်​မှာ ဆင်းရဲသား​တို့​ကို ငါ​တို့​သတိရ​စေရန်​ဖြစ်​၏။ ထို​အမှု​ကို​ပြု​ရန် ငါ​လည်း​ကြိုးစား​အားထုတ်​လာ​ခဲ့​၏။
ပညတ်တရားလက်မှ လွတ်မြောက်ခြင်း
11သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။ 12အကြောင်းမူကား ယာကုပ်​ထံမှ လူ​အချို့​ရောက်​မ​လာ​မီ သူ​သည် လူမျိုးခြား​တို့​နှင့်အတူ​စား​သောက်​၏။ သို့သော် သူ​တို့​ရောက်လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​ကို​ကြောက်​သဖြင့် တွန့်ဆုတ်​၍ သီးခြား​နေ​လေ​၏။ 13ထိုအခါ ကျန်​သော​ဂျူး​အမျိုးသား​တို့​သည်​လည်း သူ​နှင့်အတူ သူတော်ကောင်း​ယောင်ဆောင်​ကြ​သဖြင့် ဗာနဗ​ပင်လျှင် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။
14သို့သော် သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​နှင့်အညီ ဖြောင့်မတ်​စွာ​လျှောက်လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သောအခါ ထို​သူ​အပေါင်း​တို့​ရှေ့၌ ကေဖ​အား “ဂျူး​လူမျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူမျိုး​ကဲ့သို့​မ​နေထိုင်​ဘဲ လူမျိုးခြား​ကဲ့သို့​နေထိုင်​သည်​ဆို​လျှင် လူမျိုးခြား​တို့​ကို ဂျူး​လူမျိုး​ကဲ့သို့​နေထိုင်​ရန် အဘယ်ကြောင့် အတင်းအကျပ်​စေခိုင်း​သနည်း”​ဟု ငါ​ဆို​၏။
15ငါ​တို့​သည် အပြစ်သား​လူမျိုးခြား​တို့​ထဲမှ​မ​ဟုတ်​ဘဲ ဇာတိ​အားဖြင့် ဂျူး​လူမျိုး​များ​ဖြစ်​ကြ​၏။ 16သို့သော် လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း သိ​ကြ​သဖြင့် ငါ​တို့​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ခရစ်တော်​ယေရှု​ကို ယုံကြည်​ကြ​၏။ အကြောင်းမူကား ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့် မည်သူမျှ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။
17သို့ရာတွင် ငါ​တို့​သည် ခရစ်တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ရှာကြံ​နေ​ကြ​စဉ် ငါ​တို့​ကိုယ်တိုင် အပြစ်သား​များ​ဖြစ်​ကြောင်း​တွေ့ရှိ​ရ​သည်​ဆိုလျှင် ခရစ်တော်​သည် အပြစ်​တရား​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ 18အကြောင်းမူကား ငါ​သည် မိမိ​ဖြိုဖျက်​ခဲ့​သော ထို​အရာ​များ​ကို ပြန်လည်​တည်ဆောက်​လျှင် ကိုယ့်ကိုယ်ကိုယ် ပညတ်​တရား​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ကြောင်း ထင်ရှား​စေ​ရာ​ရောက်​၏။ 19အဘယ်ကြောင့်​ဆိုသော် ငါ​သည် ဘုရားသခင်​၌​အသက်ရှင်​နိုင်​ရန် ပညတ်​တရား​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီ။ ငါ​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​ပြီ။ 20သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။ 21ငါ​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မ​ပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​ကို ပညတ်​တရား​အားဖြင့်​ရရှိ​နိုင်​လျှင် ခရစ်တော်​သည် အချည်းနှီး​အသေခံ​တော်မူ​ပြီ။

လက်ရှိရွေးချယ်ထားမှု

ဂလာတိဩဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။