ယေဇကျေလအနာဂတ္တိကျမ်း 9
9
ဂျေရုဆလင်မြို့သားတို့ ကွပ်မျက်ခံရမည့်ဗျာဒိတ်နိမိတ်
1ထို့နောက် “ဤမြို့ကိုဒဏ်ခတ်မည့်သူတို့၊ ဖျက်ဆီးခြင်းလက်နက် ကိုယ်စီကိုင်ဆောင်၍ လာကြလော့”ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူသောအသံကို ငါကြားရ၏။ 2ကြည့်ရှုလော့။ လူခြောက်ယောက်သည် လူသတ်လက်နက်အသီးသီးကိုင်ဆောင်လျက် မြောက်ဘက်မျက်နှာမူထားသော အထက်တံခါးလမ်းမှ ဝင်လာ၍ ကြေးနီယဇ်ပလ္လင်ဘေးတွင် ရပ်နေကြ၏။ သူတို့အလယ်တွင် ပိတ်ချောထည်ကိုဝတ်လျက် ခါး၌မင်အိုးဆောင်ထားသောလူတစ်ယောက် ရပ်နေ၏။
3အစ္စရေးလူမျိုးတို့၏ဘုရားသခင်ဘုန်းတော်သည် စံတော်မူရာခေရုဗိမ်#9:3 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့လာပြီး ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကို ခေါ်၏။ 4ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
5အခြားသူတို့ကိုလည်း “သူ့နောက်သို့လိုက်၍ မြို့လယ်ခေါင်မှ လူတို့ကိုသတ်လော့။ သူတို့ကို လုံးဝမသနားနှင့်၊ မညှာတာနှင့်။ 6လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။ 7“သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။
8ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
9ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။ 10ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။ 11ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကလည်း “ကိုယ်တော်မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်ပြုပြီးပါပြီ”ဟု ပြန်လျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative