YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 9

9
ဂျေရုဆလင်မြို့သားတို့ ကွပ်မျက်ခံရမည့်ဗျာဒိတ်နိမိတ်
1ထို့နောက် “​ဤ​မြို့​ကို​ဒဏ်ခတ်​မည့်​သူ​တို့​၊ ဖျက်ဆီး​ခြင်း​လက်နက် ကိုယ်စီ​ကိုင်ဆောင်​၍ လာ​ကြ​လော့​”​ဟု ကျယ်လောင်​စွာ ဟစ်ခေါ်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ 2ကြည့်ရှု​လော့​။ လူ​ခြောက်​ယောက်​သည် လူသတ်​လက်နက်​အသီးသီး​ကိုင်ဆောင်​လျက် မြောက်ဘက်​မျက်နှာမူ​ထား​သော အထက်​တံခါး​လမ်း​မှ ဝင်လာ​၍ ကြေးနီ​ယဇ်ပလ္လင်​ဘေး​တွင် ရပ်​နေ​ကြ​၏​။ သူ​တို့​အလယ်​တွင် ပိတ်ချောထည်​ကို​ဝတ်​လျက် ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​တစ်​ယောက် ရပ်​နေ​၏​။
3အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ဘုန်း​တော်​သည် စံ​တော်မူ​ရာ​ခေရုဗိမ်#9:3 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​အထက်​မှ အိမ်​တော်​တံခါးခုံ​သို့ ရွေ့လာ​ပြီး ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​ကို ခေါ်​၏​။ 4ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။
5အခြားသူ​တို့​ကို​လည်း “​သူ့​နောက်သို့​လိုက်​၍ မြို့​လယ်ခေါင်​မှ လူ​တို့​ကို​သတ်​လော့​။ သူ​တို့​ကို လုံးဝ​မ​သနား​နှင့်​၊ မ​ညှာတာ​နှင့်​။ 6လူကြီး​လူငယ်​၊ အပျို​လူပျို​၊ အမေ​နှင့်​ကလေး​ပါမကျန် သတ်​ပစ်​လော့​။ သို့သော် အမှတ်အသား​ပြု​ထား​ခဲ့​သော​သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​ထိ​ကြ​နှင့်​။ ငါ​၏​သန့်ရှင်းရာဌာန​မှ​စတင်​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ သူ​တို့​သည် အမိန့်​တော်​အတိုင်း အိမ်​တော်​ရှေ့​ရှိ သက်ကြီးဝါကြီး​တို့​ကို စတင်​သတ်ပစ်​ကြ​လေ​၏​။ 7“​သွား​၍ အိမ်​တော်​ကို ညစ်ညူး​အောင်​လုပ်​ကြ​။ ဝင်း​တော်​ကို အသေကောင်​များ​ဖြင့် ပြည့်​စေ​ကြ​”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​လည်း မြို့​ထဲသို့​သွား​၍ လူ​တို့​ကို သတ်ပစ်​ကြ​လေ​၏​။
8ထိုသို့​သတ်ဖြတ်​နေ​ကြ​စဉ် ငါ​တစ်ယောက်တည်း​ကျန်ရစ်​၍ ပျပ်ဝပ်​လျက် “​အလို ဘုရားရှင်​ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​အပေါ် အမျက်​တော်​သွန်ချ​ခြင်း​ဖြင့် ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​တို့​ကို​ပါ ဖျက်ဆီး​တော်မူ​မည်လော​”​ဟု လျှောက်ဆို​၏​။
9ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကျူးလွန်​သော​အပြစ်​သည် အလွန်တရာ​ကြီးမား​၏​။ ပြည်​သည် လူသတ်မှု​များ​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ မြို့​သည်​လည်း ဖောက်လှဲဖောက်ပြန်မှု​များ​နှင့် ပြည့်နှက်​လျက်​နေ​၏​။ သူ​တို့​က ‘​ထာဝရဘုရား​သည် ပြည်​ကို စွန့်​တော်မူ​ပြီ​။ ထာဝရဘုရား မြင်​တော်​မ​မူ​’​ဟု ဆို​ကြ​၏​။ 10ထို့ကြောင့် ငါ​သည် သူ​တို့​ကို သနား​ညှာတာ​မည်​မ​ဟုတ်​။ သူ​တို့​ပြုမူကျင့်ကြံ​ခဲ့​သည်​တို့​ကို သူ​တို့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 11ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ