ယေဇကျေလအနာဂတ္တိကျမ်း 8
8
ဂျေရုဆလင်မြို့သို့ရောက်သွားသည်ဟု စိတ်အာရုံရခြင်း
1ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။ 2ထိုအခါ ငါကြည့်လိုက်သော် လူ#8:2 တိုက်ရိုက်ပြန်ဆိုလျှင် “မီး”။နှင့်တူသောသဏ္ဌာန်တစ်ခုကို တွေ့ရ၏။ ထိုသူ၏ခါးအောက်ပိုင်းသည် မီးကဲ့သို့ဖြစ်၏။ ခါးအပေါ်ပိုင်းသည် တောက်ပသောကြေးဝါ#8:2 သို့မဟုတ် “ပယင်း”။အဆင်းရှိ၏။ 3ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။ 4လွင်ပြင်၌ ငါမြင်ရသော ဗျာဒိတ်အာရုံကဲ့သို့ပင် ထိုနေရာ၌ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်ကို မြင်ရ၏။
ဗိမာန်တော်အတွင်း စက်ဆုပ်ရွံရှာဖွယ်ရာများ
5ထိုအခါ “အချင်းလူသား၊ ယခု မြောက်ဘက်သို့ မျှော်ကြည့်လော့”ဟု မိန့်တော်မူသဖြင့် မြောက်ဘက်သို့ ငါမျှော်ကြည့်သော် မြောက်ဘက်၊ ယဇ်ပလ္လင်တံခါးအဝင်ဝတွင် ဝန်တိုခြင်းရုပ်တု စိုက်ထူထားသည်ကို တွေ့ရ၏။ 6တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
7တစ်ဖန် ငါ့ကို ဝင်းတံခါးဝသို့ခေါ်သွားရာ ငါကြည့်သော် နံရံ၌အပေါက်တစ်ခုရှိသည်ကို တွေ့၏။ 8“အချင်းလူသား၊ နံရံကိုဖောက်လော့”ဟု မိန့်တော်မူသဖြင့် ငါလည်း နံရံကိုဖောက်လိုက်သော် တံခါးတစ်ခုကို တွေ့၏။ 9တစ်ဖန် ငါ့အား “ဝင်သွားပါ။ ထိုနေရာ၌ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုတို့ကို ကြည့်ပါ”ဟု မိန့်တော်မူသဖြင့် 10ငါဝင်သွားသော် တွားသွားသောတိရစ္ဆာန်များ၊ ရွံရှာဖွယ်တိရစ္ဆာန်များနှင့် အစ္စရေးအမျိုးအနွယ်တို့ကိုးကွယ်သော ရုပ်တုများ၏ပုံကို နံရံပတ်ပတ်လည်၌ ထွင်းထုထားသည်ကို တွေ့ရ၏။
11ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။ 12တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။ 13တစ်ဖန် ငါ့အား “ဆက်သွားပါ။ ထို့ထက်ပိုဆိုးသော စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်ထပ်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
14တစ်ဖန် ငါ့အား မြောက်ဘက်ရှိ ထာဝရဘုရား၏အိမ်တော်တံခါးဝသို့ ဆောင်သွားရာ ထိုနေရာ၌ မိန်းမတို့သည် တမ္မုဇနတ်ဘုရားအတွက် ထိုင်ငိုနေကြသည်ကို ငါတွေ့ရ၏။ 15တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဆက်သွားလျှင် ပို၍ဆိုးဝါးသော စက်ဆုပ်ရွံရှာဖွယ်တို့ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
16တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။ 17တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။ 18ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative