YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 7

7
အစ္စရေးပြည် နိဂုံးချုပ်ချိန်ရောက်ပြီ
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။ 3ယခုမှာ သင့်​နိဂုံးချုပ်​ချိန်​သည် သင့်​ထံ​ရောက်လာ​ပြီ​။ သင့်​ထံသို့ ငါ့​အမျက်​ကို လွှတ်လိုက်​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို​စီရင်​မည်​။ သင်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။ 4သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။ 5ဘုရားရှင်​ထာဝရဘုရား​က ‘ဘေးအန္တရာယ်​တစ်​ခု​ပြီး​တစ်​ခု လာ​လေ​ပြီ​။ 6သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ ကြည့်ရှု​လော့​။ သင့်​ထံ ရုတ်တရက်​ရောက်လာ​ပြီ​။ 7အို ပြည်သား​၊ သင့်​ထံ ပျက်စီး​ခြင်း​ရောက်လာ​ပြီ​။ အချိန်​ကျရောက်​လေ​ပြီ​။ ထိတ်လန့်ချောက်ချားဖွယ်​နေ့ရက်​နီးလာ​ပြီ​။ တောင်​ပေါ်တွင် ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​မ​ရှိ​တော့​ပြီ​။ 8မကြာမီ ငါ့​ဒေါသ​ကို သင့်​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​ကို သင့်​အပေါ် အကုန်​ဖွင့်ချ​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို ငါ​စီရင်​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အလုံးစုံ​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။ 9သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ သင်​တို့​ကို​ဒဏ်ခတ်​သူ​မှာ ငါ​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်​။ 10ကြည့်ရှု​လော့​။ အချိန်​ကျရောက်​လေ​ပြီ​။ ပျက်စီး​ခြင်း ရောက်လာ​လေ​ပြီ​။ တောင်ဝှေး​သည် အဖူး​ဖူး​လေ​ပြီ​။ မာန်မာန​သည် အပွင့်​ပွင့်​လေ​ပြီ​။ 11ရက်စက်ကြမ်းကြုတ်မှု​သည် တောင်ဝှေး​ဆိုး​အဖြစ်​သို့ ပြောင်းလဲ​ကြီးထွား​လေ​ပြီ​။ ထိုအခါ သူ​တို့​ကိုယ်တိုင်​မှစ၍ သူ​တို့​၏​လူအလုံးအရင်း​၊ စည်းစိမ်ဥစ္စာ​၊ ထင်ပေါ်ကျော်ကြားမှု စသည်​တို့​လည်း တစ်​ခု​မျှ​ကျန်ရှိ​တော့​မည်​မ​ဟုတ်​။ 12အချိန်​ကျရောက်​ပြီ​။ နေ့ရက်​ရောက်လာ​လေ​ပြီ​။ လူ​အပေါင်း​တို့​အား ငါ​အမျက်​ထွက်​သည်​ဖြစ်၍ ဝယ်​သူ​လည်း ဝမ်း​မ​မြောက်​နှင့်​၊ ရောင်း​သူ​လည်း မ​ညည်းတွား​နှင့်​။ 13ရောင်း​သော​သူ​သည် အသက်ရှင်​မည်​ဆို​လျှင်​လည်း မိမိ​ရောင်းလိုက်​သော​ပစ္စည်း​ကို ပြန်​ရ​မည်​မ​ဟုတ်​။ လူထု​တစ်ရပ်လုံး​နှင့်ဆိုင်သော ဗျာဒိတ်နိမိတ်​သည် ပြန်လှည့်​သွား​မည်​မ​ဟုတ်​။ လူ​တိုင်း အပြစ်​ပြု​ကြ​သောကြောင့် ဆက်၍​အသက်ရှင်​နေ​နိုင်​မည်​မ​ဟုတ်​။ 14လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။ 15မြို့ပြင်​တွင် ဓားဘေး​ရှိ​၏​။ မြို့​ထဲတွင် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ရှိ​၏​။ ကွင်းပြင်​သို့ ထွက်သွား​သော​သူ​သည် ဓား​ဖြင့် အသတ်​ခံရ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​တို့​သည် မြို့​ထဲတွင်​နေ​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။ 16ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။ 17သူ​တို့​ရှိသမျှ​သည် လက်​အားလျော့​၍ ဒူး​များ​လည်း ပျော့ခွေကျ​လိမ့်မည်​။ 18လျှော်တေအဝတ်​ကို​ဝတ်​လျက် ခေါင်းတုံးတုံး​ကြ​ရ​လိမ့်မည်​။ ကြောက်ရွံ့စိတ်​တို့​ကြီးစိုး​လျက် အရှက်ကွဲ​ရ​လိမ့်မည်​။ 19သူ​တို့​၏​ငွေ​ကို လမ်း​များ​ပေါ်သို့ လွှင့်ပစ်​ကြ​လိမ့်မည်​။ ရွှေ​သည်​လည်း မစင်ကြယ်​သော​အရာ​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​အမျက်​တော်​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​သည် သူ​တို့​ကို​မ​ကယ်တင်​နိုင်​ပါ​။ ရွှေ​ငွေ​တို့​သည် သူ​တို့​စိတ်အလို​ကို ပြည့်စုံ​စေ​နိုင်​မည်​မ​ဟုတ်​။ ဝမ်း​ကို ဖြည့်​ပေး​နိုင်​မည်​မ​ဟုတ်​။ အကြောင်းမူကား ရွှေ​ငွေ​သည် သူ​တို့​ကို အပြစ်​နွံ​ထဲ လဲကျ​စေ​သော​အကြောင်းရင်း ဖြစ်​၏​။ 20သူ​တို့​၏​လှပ​သော​အဆင်တန်ဆာ​များ​ကြောင့် မာနထောင်လွှား​တတ်​ကြ​၏​။ ထို​တန်ဆာ​များ​ဖြင့် စက်ဆုပ်​ရွံရှာဖွယ်​ရုပ်တု​များ​ကို ထုလုပ်​တတ်​ကြ​၏​။ ထို့ကြောင့် ငါ​သည် ထို​တန်ဆာ​တို့​ကို ညစ်ညူးသောအရာ​ကဲ့သို့ ဖြစ်​စေ​မည်​။ 21တိုင်းတစ်ပါးသား​တို့ လုယူ​ရာ​၊ ဆိုးယုတ်​သော​မြေကြီးသား​တို့ တိုက်ယူ​ရာ ဖြစ်စေ​မည်​။ သူ​တို့​သည် ထို​တန်ဆာ​တို့​ကို ညစ်ညူးစရာ ဖြစ်​စေ​ကြ​လိမ့်မည်​။ 22သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​ထား​သဖြင့် သူ​တို့​သည် ငါ​မြတ်နိုး​သော​နေရာ​ကို ညစ်ညူး​စေ​ကြ​မည်​။ ဓားပြ​တို့​သည်​လည်း ထို​နေရာ​သို့​ဝင်ရောက်​၍ ညစ်ညူး​စေ​ကြ​မည်​။ 23ပြည်​သည် မတရား​သတ်ဖြတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ မြို့​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ ထို့ကြောင့် သံကြိုး​ကို ပြင်ဆင်​လော့​။ 24ငါ​သည် ဆိုးညစ်​သော​လူမျိုး​တို့​ကို ခေါ်​ခဲ့​၍ သူ​တို့​နေထိုင်​ရာ​အိမ်​များ​ကို သိမ်းပိုက်​စေ​မည်​။ ခွန်အားကြီး​သော​သူ​တို့​၏​မာန​ကို ချိုး​ပစ်​မည်​။ သူ​တို့​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​မည်​။ 25ပျက်စီး​ခြင်း​ရောက်လာ​၍ သူ​တို့​သည် ငြိမ်ဝပ်​ရာ​ကို​ရှာ​သော်လည်း မ​တွေ့​ရ​ကြ​။ 26ဘေးဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ရောက်လာ​မည်​။ သတင်းစကား တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​မည်​။ ပရောဖက်​တို့​ထံမှ ဗျာဒိတ်နိမိတ်​ကို မေးမြန်း​သော်လည်း ရ​မည်​မ​ဟုတ်​။ ယဇ်ပုရောဟိတ်​တို့​ထံမှ တရားတော်​၊ သက်ကြီးဝါကြီး​တို့​ထံမှ အကြံဉာဏ်​တို့​သည်​လည်း ပျောက်ဆုံး​လိမ့်မည်​။ 27ရှင်ဘုရင်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီး မင်းသား​တို့​သည်​လည်း စိတ်ပျက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်​။ ပြည်သူပြည်သား​တို့​၏​လက်​များ​သည်​လည်း တုန်ရီ​နေ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပြု​မည်​။ သူ​တို့​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ပြန်​စီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ